နေပြည်တော်၊  ၂  ဒီဇင်ဘာ

ဆွစ်ဇာလန်နိုင်ငံအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ နည်းပညာအကူအညီနှင့်  ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင် အကောင်အထည်ဖော်လျက်ရှိသော သစ်သီးဝလံထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်း၏ တတိယအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက Virtual စနစ်ဖြင့် ကျင်းပသည်။ 

အစည်းအဝေးတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ယနေ့ အစည်းအဝေးသည် မိမိတို့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးသွားကြရန်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းစဉ်များအား new normal အခြေအနေတွင် လိုက်လျောညီထွေ အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြစေ လိုပါကြောင်း၊ မြန်မာနိုင်ငံ၏ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မိမိတို့၏ စီမံကိန်းအစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး၊ စီမံကိန်းအစီအစဉ်ပါ ဦးစားပေး ပို့ကုန်များဖြစ်သော ချင်း၊ လက်ဖက်၊ ထောပတ်သီး စသည်တို့ကို အခြားဆက်စပ်ထုတ်ကုန်များနှင့် ပေါင်းစပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရန် ကြိုးပမ်းသွားသင့်ကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းမိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ITC, UNIDO နှင့် UNCTAD တို့က ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်ခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အထိခိုက်ဆုံးဖြစ်ခဲ့သည့် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်သက်ဝင် လာစေရေးအတွက် လူမှုကွန်ယက်အသုံးပြု၍ ITC ၏နည်းပညာ အကူအညီဖြင့် ခရီးစဉ်သစ်များ ဖော်ထုတ်ပြသခြင်း၊   ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် လူသိနည်းသော ခရီးစဉ်သစ်ဒေသများဖော်ထုတ်၍ Community-based Tourism နှင့် အခြားကျေးရွာများသို့ ခရီးစဉ်များစီစဉ်ခြင်း၊ Culture & Heritage tour၊ လမ်းလျှောက်ခရီးစဉ်များ၊ စိုက်ပျိုးရေး အခြေခံခရီးစဉ်များ၊ တောင်ပေါ်ခရီးစဉ်များအတွက် မြို့နှင့်ကျေးရွာများ ရွေးချယ်ပေးခြင်း၊ သင်တန်း အချို့ကို အွန်လိုင်းမှပို့ချခြင်းတို့အပါအဝင် ဆောင်ရွက်ပြီးစီးခဲ့မှုများကို တင်ပြဆွေးနွေးခဲ့ကြသည်။ 

ယင်းနောက် စီမံကိန်းကပံ့ပိုးပေးရန် ရွေးချယ်ထားသည့် လက်ဖက်၊ ချင်းနှင့် ထောပတ်သီးတို့၏ ထုတ်လုပ်မှု တန်ဖိုးကွင်းဆက် လုပ်ငန်းစဉ်များတွင် အရည်အသွေးကောင်းများ ထိန်းသိမ်းထားနိုင်ရေး၊ နိုင်ငံတကာဈေးကွက်မီ အရည်အသွေးများ စံချိန်စံညွှန်းရှိစေရေး၊ နိုင်ငံတကာ GAP လက်မှတ်ရရှိစေရေးတို့နှင့် စပ်လျဉ်းပြီး ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စီမံကိန်းပြီးဆုံးမည့်ကာလ ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင်လည်း ပြည်နယ်အဖွဲ့အစည်းများမှ စီမံကိန်း လုပ်ငန်းစဉ်များကို ဆက်လက်၍ လက်ဆင့်ကမ်းဆောင်ရွက်သွားမည်ဖြစ်ရာ အရည်အသွေး ပိုမိုကောင်းမွန်သော လက်ဖက်၊ ချင်းနှင့် ထောပတ်သီးတို့ကို ပြည်ပသို့ ပိုမိုတိုးမြင့်တင်ပို့နိုင်မည့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ စီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက အွန်လိုင်းမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်