နေပြည်တော် ၂ ဒီဇင်ဘာ
ကိုဗစ်-19 ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးနှင့် လူနာသေဆုံးမှုများ ကျဆင်းစေရေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ (၂၉-၁၁-၂၀၂၀) ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေတစ်သန်းလျှင် ကိုဗစ်-၁၉ ဖြစ်ပွားမှုသည် (၁,၆၄၅) ဦးရှိပြီး ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၁၄၃) နိုင်ငံမြောက်ဖြစ်ပါကြောင်း၊ ထို့ပြင် လူဦးရေ တစ်သန်းလျှင် ကိုဗစ်-၁၉ လူနာသေဆုံးမှုမှာ (၃၅) ဦးရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ/နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၁၃၂) နိုင်ငံမြောက်ဖြစ်ပါကြောင်း၊ လူဦးရေအချိုးအစားနှင့် မတွက်ချက်ပဲ ကိန်းဂဏန်းအနည်းအများနှင့် ဆန်းစစ်ပါက ကိုဗစ်-၁၉ လူနာသေဆုံးမှုမှာ (၁,၉၁၈)ဦးရှိပြီး ကမ္ဘာ့နိုင်ငံ/နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၅၇) နိုင်ငံမြောက်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ပိုမိုထိရောက်စွာကုသမှုပေးနိုင်ရေး၊ ကိုဗစ်-၁၉ လူနာများ သေဆုံးမှုကျဆင်းစေရေး၊ ကုသမှုဆိုင်ရာ အတွေ့အကြုံများဝေမျှနိုင်ရေးနှင့် ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများ အတွက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆေးပညာ၊ အရေးပေါ်ကုသမှုဆေးပညာ၊ မေ့ဆေးပညာနှင့် အပူပိုင်းနှင့် ကူးစက်ရောဂါပညာတို့မှ ပါမောက္ခ/ ဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများ တက်ရောက်သည့် ယနေ့ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကု ဆရာဝန်များနှင့် ဆရာဝန်များ၊ သူနာပြုဆရာမကြီးများနှင့် သူနာပြုများသည် ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေး ပြည့်ဝစွာ၊ လူနာများ၏ အသက်ကယ်ဆယ်နိုင်ရေးနှင့် လူနာများ ဝေဒနာလျော့ပါးစေရေးအတွက် စိတ်စေတနာ ပြည့်ဝစွာဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသည်ကို မိမိတို့တာဝန်ရှိသူများနှင့် ပြည်သူများအားလုံးက သိရှိပါကြောင်း။
အလားတူ ဓာတ်ခွဲ၊ ဓာတ်မှန်ပညာရှင်များ၊ ကုသမှု အထောက်အကူပြုပညာရှင်များသည်လည်း မှန်ကန်တိကျသော ဓာတ်ခွဲ၊ ဓာတ်မှန် အဖြေများပေးအပ်ခြင်းနှင့် ကုသမှုလုပ်ငန်းများအတွက် လိုအပ်သည့် ပံ့ပိုးမှုပေးအပ်ခြင်းတို့ဖြင့် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း သိရှိ၊ သိမြင်ရပါကြောင်း၊ ပရဟိတ စေတနာ့ဝန်ထမ်းများနှင့် အလှူရှင်များကလည်း ဘက်ပေါင်းစုံမှ ပံ့ပိုးဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ပိုမိုအရည်အသွေး ပြည့်ဝစွာ ကုသမှုပေးနိုင်ရေးဆောင်ရွက်ရာတွင် ကုသရေးကဏ္ဍနှင့် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးကဏ္ဍတို့ လက်တွဲညီ ပူးပေါင်းဆောင်ရွက်ရန်မှာ အထူးအရေးကြီးပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်နိုင်သော အပိုင်းနှင့် ဝန်ကြီးဌာနမှ လုပ်ဆောင်နိုင်သော အတိုင်းအတာကို ကျော်လွန်သော အပိုင်းဟူ၍ ရှိပါကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒပညာရပ် ရှုထောင့်မှကြည့်ပါက ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်ပိုးကို မိမိတို့အနေဖြင့် ပြုပြင်၍မရပါကြောင်း၊ ရောဂါကူးစက်ခံရနိုင်ချေရှိသည့် ပြည်သူများတွင် ရောဂါကူးစက်မှုကာကွယ်ရေးနှင့် သံသယရောဂါလက္ခဏာရှိပါက စောစီးစွာ စစ်ဆေးကုသမှုခံယူရေး အတွက် ကျန်းမာရေအသိပညာများ မြင့်မားရန်ကိုလည်း နည်းမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိတွင်လည်း တစ်ပြည်လုံးအတိုင်းအတာဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်အား ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးစင်တာများနှင့် ဆေးရုံများနှင့် ကုသရေး ပတ်ဝန်းကျင်အတွက်လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အောက်ဆီဂျင်ပိုက်လိုင်းများ၊ အထူးကြပ်မတ် ကုသဆောင်များနှင့် အထူးကြပ်မတ်ကုသဆောင်သုံး ပစ္စည်းကိရိယာများကိုလည်း ဝန်ကြီးဌာနမှ ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိရာ အတိုင်းအတာတစ်ခုအထိ လုံလောက်မှုရှိလာပြီ ဖြစ်ပါကြောင်း၊ ထပ်မံလိုအပ်မှုများရှိပါကလည်း အတတ်နိုင်ဆုံး ချက်ချင်းဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း။
လူနာများအနေဖြင့် ကိုဗစ်-၁၉ ၏ သံသယလက္ခဏာများ၊ ရောဂါပြင်းထန်မှု အန္တရာယ်လက္ခဏာများနှင့် ပတ်သက်၍ ကျန်းမာရေးအသိနည်းပါးခြင်း၊ မိမိတွင် ရောဂါဖြစ်ပွားနေမှုနှင့် အန္တရာယ်ရှိမှုကို သတိမမူမိခြင်း၊ ဆေးရုံသို့ရောက်ရှိမှု နောက်ကျခြင်းနှင့် လူနာတွင် ရောဂါအခံရှိခြင်းတို့ကြောင့် အသက်ဆုံးရှုံးနိုင်ချေ ပိုမိုများပြားပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းစတင်ခဲ့စဉ် ကနဦးကာလ၌ ကိုဗစ်-၁၉ သံသယလက္ခဏာရှိသူများသည် ဆေးရုံသို့ လာရောက်ကုသမှုခံယူမှု နောက်ကျကာ အသက်သေဆုံးပြီးမှ ရောက်ရှိခြင်းနှင့် ဆေးရုံသို့ရောက်ရှိပြီး မကြာခင်မှာ အချိန်ပိုင်းအတွင်းပင် အသက်သေဆုံးခြင်းများ ရှိခဲ့ပါကြောင်း၊ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများသို့ လူနာများ ရောဂါလက္ခဏာများ စတင်ဖြစ်ပွားပြီးနောက် မည်သည့်ရက်တွင် ဆေးရုံသို့ရောက်ရှိသည်၊ ရောက်ရှိချိန်တွင် လူနာ၏ ရောဂါအခြေအနေ၊ ရောဂါပြင်းထန်မှု အခြေအနေအလိုက် ဆေးရုံတက်ရောက်ရသည့်ရက်နှင့် ဆေးရုံသို့ ရောက်ရှိပြီး သေဆုံးချိန် ရက်ကာလ စသည့် အချက်အလက်များအား သုတေသနပုံစံဆန်းစစ် သုံးသပ်မှုများ ပြုလုပ်စေလိုပါကြောင်း။
လက်ရှိတွင် ပြည်သူများထံ ဖြန့်ဝေနေသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်လူနာနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာ အချက်အလက်များကိုလည်း ပိုမိုကောင်းမွန်ထိရောက်စေရေးအတွက် ဆက်လက်ဆောင်ရွက်စေလို ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ၏ သဘောသာဝသည် အချိန်တိုအတွင်း ရုတ်ချည်းဆိုသလို ရောဂါပြင်းထန်နိုင်သည် ဖြစ်သဖြင့် လူနာ၏အခြေအနေကို စနစ်တကျစောင့်ကြပ်ကြည့်ရှုရန်မှာ အရေးကြီးပါကြောင်း၊ အထူးသဖြင့် သွေးတွင်း အောက်ဆီဂျင် ပျော်ဝင်မှုတိုင်းတာခြင်းသည် အရေးကြီးသဖြင့် ဆေးရုံတက်စဉ်ကာလ တစ်လျှောက်လုံး သွေးတွင်း အောက်ဆီဂျင်ပျော်ဝင်မှု တိုင်းကိရိယာကို အသုံးပြုတိုင်းတာပြီး စောင့်ကြပ်ကြည့်ရှုခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။
မသန်စွမ်း ကိုဗစ်-၁၉ လူနာများနှင့် အခြားသော အကူအညီလိုအပ်သည့် လူနာများအတွက် လူနာစောင့်ထားရှိခွင့်ကို သက်ဆိုင်ရာ ဆေးရုံမှ တာဝန်ခံဆရာဝန်၏ ထောက်ခံချက်ဖြင့် ခွင့်ပြုပေးထားပြီဖြစ်သဖြင့် လူနာ၏ စိတ်ချမ်းသာမှုနှင့် ရောဂါစောစီးစွာ ပျောက်ကင်းမှုအတွက် များစွာအထောက်အကူပြုပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဆိုင်ရာ လုပ်ငန်း လမ်းညွှန်များကိုလည်း ကမ္ဘာ၌ နောက်ဆုံးတွေ့ရှိချက်များနှင့်အညီ မွမ်းမံခြင်းများပြုလုပ်ကာ တစ်ပြည်လုံးရှိ ဆေးရုံများသို့ အင်တာနက်အီးမေးလ်မှတစ်ဆင့် ဖြန့်ဝေပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဆေးရုံနှင့် ကိုဗစ်-၁၉ ကုသရေးဌာနအလိုက် ပြုစုထားသော လုပ်ငန်းလမ်းညွှန်များကိုလည်း အခြားသော ဆေးရုံများနှင့် ကုသရေးဌာနများသို့ အီးမေးလ်ဖြင့် ဖြန့်ဝေပေးခြင်းဖြင့် ထိရောက်သောကုသမှုများကိုပေးနိုင်ပြီး လူနာသေဆုံး လျော့နည်းမည်ဖြစ်ပါကြောင်း၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပါမောက္ခကြီးများ၊ အထူးကုဆရာဝန်ကြီးများသည် အနယ်နယ်အရပ်ရပ်မှ ဆရာဝန်များနှင့် Videoconferencing ပြုလုပ်ကာ အတွေအကြုံမျှဝေဆွေးနွေးမှုများ ပြုလုပ်နေခြင်းသည် ကောင်းမွန်ပြီး ဆက်လက်၍ အပတ်စဉ် ပုံမှန်ပြုလုပ်ပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများ ဆန်းစစ်မှုနှင့် ကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးကိစ္စရပ်များအတွက် ပါမောက္ခကြီးများနှင့် အထူးကုဆရာဝန်ကြီးများ သီးခြားဆွေးနွေးမှုများကိုလည်း ပြုလုပ်ပြီးထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို တစ်ပြည်လုံးရှိ ဆေးရုံများသို့ ဖြန့်ဝေပေးခြင်းဖြင့် လူနာသေဆုံးမှုနှုန်း ယခုထက် ပိုမိုကျဆင်းလာမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို အတတ်နိုင်ဆုံး ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာန အတိုင်းအတာဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့တင်ပြကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆေးပညာပါမောက္ခ/ ဌာနမှူး (ငြိမ်း) ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က လိုအပ်သည့် ကိုဗစ်-၁၉ လူနာများအတွက် လူနာစောင့်ထားခွင့်ပြုခြင်းတွင် အချို့သူများသည် စည်းကမ်းလိုက်နာမှု အားနည်းသော်လည်း အများစုမှာ စည်းကမ်းလိုက်နာဆောင်ရွက်ကြပြီး ကောင်းကျိုးများသိသာစွာရှိပါကြောင်း၊ လက်ရှိ၌ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာန များတွင် ရောဂါလက္ခဏာမရှိသူနှင့် သာမာန်ရောဂါလက္ခဏာသာရှိသူများ၊ ရောဂါလက္ခဏာ အလယ်အလတ်ပြင်းထန်သူများနှင့် ရောဂါပြင်းထန်သူများများ အားလုံးတက်ရောက်ကုသမှု ခံယူနေခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများ အလုပ်ဝန်ပိနေမှုတို့ကို တင်ပြခဲ့ပြီး၊ ရောဂါလက္ခဏာမရှိသူနှင့် သာမာန်ရောဂါလက္ခဏာ သာရှိသူ ကိုဗစ်-၁၉ လူနာများက အခြားသော ကိုဗစ်-၁၉ လူနာများအား အချင်းချင်း ပြုစုစောင့်ရှောက်ခြင်းအား စေတနာ့ဝန်ထမ်း (volunteer inside the ward)ပုံစံဖြင့် ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ လူနာများအား ရောဂါအခံ ရှိ/ မရှိ၊ ခုခံအား ကျဆင်းမှု ရှိ/ မရှိ၊ အသက်အရွယ်၊ လက်ရှိရောဂါအခြေအနေ စသည့် အချက်များကို အခြေခံကာ လူနာ၏ အန္တရာယ်ရှိနိုင်ချေအဆင့်ခွဲခြားခြင်း ပြုလုပ်ကာ သင့်လျော်သောဆေးရုံ/ ကုသရေးဌာန တွင် ကုသမှု ခံယူရန် (သို့မဟုတ်) သင့်လျော်သော နေရာတွင် သီးခြားထားရှိကာ ရောဂါအခြေ အနေစောင့်ကြည့်အကဲဖြတ်ကာ လိုအပ်သည့် ကုသမှုနှင့် လွှဲပြောင်းကုသမှုပြုလုပ်ရန်၊ ရောဂါလက္ခဏာမရှိသူ၊ သာမာန်ရောဂါလက္ခဏာသာရှိသူနှင့် အန္တရာယ်ရှိနိုင်ချေ နည်းပါးသူများအား သတင်းနှင့်ဆက်သွယ်ရေး နည်းပညာများအသုံးပြုကာ ဆွေးနွေးကုသမှုနှင့် ဆေးဝါးပေးပို့မှုတို့ဖြင့် ဆောင်ရွက်သွားရန်စသည် တို့အား အကြံပြုတင်ပြသည်။
ယင်းနောက် ဆေးတက္ကသိုလ် (၁)၊ မေ့ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမူမူနိုင်က ရန်ကုန်တိုင်းဒေသကြီးအတွက်ရှိ ကိုဗစ်-၁၉ ဆိုင်ရာ အထူးကြပ်မတ်ကုသဆောင်များတွင် လူနာများ တက်ရောက် ကုသခဲ့မှု၊ ရောဂါအခံရှိသူများ အရေအတွက်၊ ပြန်လည် သက်သာမှု အခြေအနေနှင့် သေဆုံးမှု အခြေအနေများနှင့် ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်ပေးနည်းအမျိုးမျိုး၏ ရလဒ်များတို့ကို တင်ပြခဲ့ပြီး အထူးကြပ်မတ်ကုသလုပ်ငန်း များကို ပိုမိုစောစီးစွာ ဆောင်ရွက်နိုင်ရေး အကြံပြုချက်များ ပေးအပ်သည်။
ထို့နောက် ဆေးတက္ကသိုလ် (၁)၊ အပူပိုင်းနှင့်ကူးစက်ရောဂါပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာမိုးမိုးစမ်း က ကိုဗစ်-၁၉ လူနာများဆေးရုံသို့ ရောက်ရှိချိန်တွင်လည်းကောင်း၊ ဆေးရုံဆင်းချိန်တွင်လည်းကောင်း တစ်စုံတစ်ခု အားစိုက်ဆောင်ရွက်ပြီးချိန်၌ သွေးတွင်းအောက်ဆီဂျင်ပျော်ဝင်မှု တိုင်းတာခြင်း (SPO2 on exertion) ကို ဆောင်ရွက်ရန် အကြံပြုသည်။
ဆက်လက်၍ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက မိမိတို့နိုင်ငံတွင် ဆေးရုံသို့ မရောက်ရှိမီ ပြုစုကုသမှုစနစ်ကောင်း တစ်ရပ်လိုအပ်နေမှုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် အောက်ဆီဂျင်လုံလောက်မှုရှိစေရေး ကြိုတင်ပြင်ဆင်ထားရန် အကြံပြုမှုတို့ကို တင်ပြသည်။
ထို့နောက် ဆေးတက္ကသိုလ် (၁)၊ အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာ မော်မော်ဦးက လက်ရှိတွင် ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများတွင် ကိုဗစ်-၁၉ လူနာများအား ကိုင်တွယ် ကုသမှုပေးနေသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကုသမှုအထောက်အကူပြု ပညာရှင်များသည် လပေါင်းများစွာ နားရက်မရှိသလောက် လုပ်ဆောင်နေကြပြီး အလုပ်ဝန်များ ပိနေပါကြောင်း၊ ပြင်ပတွင် လူစုလူဝေးများ ပြုလုပ်နေခြင်း၊ ရောဂါကာကွယ်ရေး စည်းကမ်းများကိုလိုက်နာမှု မရှိခြင်းတို့ကို တွေ့မြင်သိရှိနေရပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ခွန်အားပိုင်းဆိုင်ရာ အခြေအနေ များကို သိရှိနိုင်ရေးအတွက် စစ်တမ်းတစ်ခုပြုလုပ်သင့်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက် နိုင်ရန်အတွက် သက်ဆိုင်ရာ နှီးနွှယ်ဌာနများ၏ ပူးပေါင်းပါဝင်မှုများ ယခုထက်ပိုမို လုပ်ဆောင်ရန်လိုအပ်နေသည်ဟု ကျန်းမာရေးဝန်ထမ်းများတွင် အမြင်သဘောထားများ ရှိနေပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သွေးရောဂါ ပါမောက္ခဒေါက်တာရဲမြက ပြန်လည်သက်သာကောင်းမွန်သွားသော ကိုဗစ်-၁၉ လူနာဟောင်း ၏ သွေးရည်ကြည်ကို ရယူကာ ကိုဗစ်-၁၉ လူနာများအားကုသမှုပေးခြင်းသည် အကျိုးရှိကြောင်းအား ရောဂါဖြစ်ပွားမှု အလွန်များပြားနေသော အမေရိကန်၊ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံများတွင် လက်တွေ့ကုသမှုနှင့် စစ်တမ်းသုတေသန များ ပြုလုပ်တွေ့ရှိထားပြီးဖြစ်မှု၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာများအား သွေးရည်ကြည်ကုထုံးဖြင့် ကုသပေးမှု အတွေ့အကြုံများ၊ သွေးရည်ကြည်ကုထုံး ဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များတို့ကို ပြောကြားသည်။
ထို့နောက် ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက ဆေးရုံနှင့် ကိုဗစ်-၁၉ ကုသရေးဌာန များအလိုက် လူနာများအား ကုသပေးနေမှုအခြေအနေများနှင့် ဖြည့်ဆည်းဆောင်ရွက်ထားမှု အခြေအနေများအား တင်ပြသည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ အထူးကု ဆရာဝန်ကြီးများက ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ကုသရေးလုပ်ငန်းများအတွက် ထပ်မံလိုအပ်သည်များနှင့် အထွေထွေဆွေးနွေး အကြံပြုချက်များ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ရမည်များအား ဖြည့်ဆည်းစီစဉ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများတွင် နေ့မအား၊ ညမနား ဆောင်ရွက်နေကြသည့် ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြုပညာရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပံ့ပိုးဆောင်ရွက်နေသူများ အားလုံးကို ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ လူနာ၏ အန္တရာယ်ရှိနိုင်ချေ အဆင့်ခွဲခြားခြင်း ပြုလုပ်ထားရှိပြီး ကုသရန်မှာ အရေးကြီးပါကြောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ ပါမောက္ခကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ သီးခြားဆွေးနွေးမှုပြုလုပ်ကာ ဆောင်ရွက်မည့်အစီအစဉ်ကို ရေးဆွဲတင်ပြရန် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ကုသရာတွင် တွေ့ကြုံရသည့်အချက်များ၊ သတိပြုရမည့် အချက်များအား စုစည်းပြုစု၍ သက်ဆိုင်ရာ ဆရာဝန်များအားလုံးထံသို့ ဖြန့်ဝေးပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဆေးရုံကြီးများတွင် အောက်ဆီဂျင်လုံလောက်စွာရရှိရေး ကြိုတင်ပြင်ဆင်မှုများ ဆက်လက်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ခွန်အားပိုင်းဆိုင်ရာ အခြေအနေများနှင့် ပတ်သက်သည့် စစ်တမ်းတစ်ခု ကောက်ယူနိုင်ရန်အတွက် ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တို့က တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများတွင် ကျန်းမာရေးဝန်ထမ်း များအား တာဝန်ထမ်းဆောင်မှု အခြေအနေများနှင့် ပတ်သက်၍ ဆန်းစစ်သုံးသပ်မှုများပြုလုပ်ကာ ပိုမိုကောင်းမွန် အဆင်ပြေစေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သွေးတွင်းအောက်ဆီဂျင် ပျော်ဝင်မှု တိုင်းတာစက်များသည် လူနာ၏ အခြေအနေကို သုံးသပ်ရာ၌ အလွန်အရေးပါသဖြင့် ပိုမိုလုံလောက်စေရေး အတွက် သက်ဆိုင်ရာဆေးရုံနှင့် ကုသရေးဌာနများသို့ အမြန်ဆုံးထပ်မံပေးပို့မည်ဖြစ်ပါကြောင်း၊ ပါမောက္ခကြီးများ၊ အထူးကုဆရာဝန်ကြီးများအနေဖြင့် နိုင်ငံတကာမှ ကုသရေးကုထုံးဆိုင်ရာ တွေ့ရှိချက်အသစ်များကို အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုကာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဆရာဝန်များထံသို့ အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေပေး စေလိုပါကြောင်း ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဒီဇင်ဘာ (၁) ရက် မွန်းလွဲပိုင်း တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ အရှေ့တောင် အာရှဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ WHO ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်ကြီးများ၊ UNAIDS၊ Global Fund နှင့် နိုင်ငံတကာ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ကြီးများ ပါဝင်တက်ရောက်ခဲ့သည့် "အရှေ့တောင်အာရှဒေသတွင်း ခုခံကျ/ ကာလသားရောဂါဆိုင်ရာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တုန့်ပြန် ဆောင်ရွက်ခြင်း အဆင့်မြင့်ခေါင်းဆောင်မှု အစည်းအဝေး သို့" ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက် ရေးလုပ်ငန်းများ အပါအဝင် မရှိမဖြစ်အရေးကြီးသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ပြတ်တောက်ခြင်းမရှိစေဘဲ ဆက်လက်ဆောင်ရွက်ရန် အလေးထားထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


