နေပြည်တော်၊  ၃  ဒီဇင်ဘာ
 
မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ အတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ရရှိနိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားခဲ့ပါကြောင်း၊ ရှေ့ဆက်၍ တိကျသည့် မဟာဗျူဟာများချမှတ် ဆောင်ရွက်မည်ဆိုပါက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုရေးဆွဲ ထားသည့် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာသည် တိုင်းရင်းသားများ၏ သဘောထားစစ်တမ်းကို အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်၍ ယင်းသည် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မျှော်မှန်းချက် များနှင့်လည်း ကိုက်ညီနေရန်လိုပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးရရှိရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရန်ရှိသဖြင့် တိုင်းရင်းသား များအရေးသည် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်နေပါကြောင်း။ 

လွန်ခဲ့သော ၅ နှစ်တာကာလတွင် နိုင်ငံတော်က အမျိုးသားရင်ကြားစေ့ရေး အခြေခံအုတ်မြစ်ကို ချနိုင်ခဲ့ပြီး ဝန်ကြီးဌာနကလည်း အုတ်တစ်ချပ် သဲတစ်ပွင့်မက ပါဝင်နေရမည်မှာ အသေအချာဖြစ်ပါကြောင်း၊ နောင်ဖြစ်ပေါ်လာ မည့်အစိုးရ၏ ရည်မှန်းချက်များသည် ဝန်ကြီးဌာနမှချမှတ်ထားသည့် ရည်မှန်းချက်၊ လုပ်ဆောင်ရမည့် တာဝန်များနှင့် ထပ်တူကျနေရမည်ဖြစ်သဖြင့် တာဝန်ပိုမိုလာနိုင်ပါကြောင်း၊ အစိုးရ၏ တိုင်းရင်းသားအရေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်ဝအောင်မြင်စေရန် ဝန်ကြီးဌာနက ပံ့ပိုးပေးရန်လိုပါကြောင်း၊ မဟာဗျူဟာပါ ရည်မှန်းချက်က  တိုင်းရင်းသား များအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများရရှိနိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ရည်ရွယ်ချက် များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအတိုင်း ပြည့်ဝ အောင်မြင်နိုင်ရေးဖြစ်သဖြင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် ရည်မှန်းချက်များနှင့် ကိုက်ညီသည့် မဟာဗျူဟာတစ်ရပ်ဖြစ်ရန် ပြည့်စုံကောင်းမွန်စွာရေးဆွဲနိုင်ပြီး သတ်မှတ်ကာလအတွင်း အောင်မြင်စွာအကောင် အထည်ဖော်သွားရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် တစ်သားတည်း ဖြစ်စေရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ NGO၊ INGO များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ရှေ့တိုးဆောင်ရွက်သွားကြရန်မှာကြားသည်။

ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို က မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာမူကြမ်းတွင် ပါဝင်သော နောက်ခံသမိုင်း၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ ဆောင်ရွက်မည့်အခန်းကဏ္ဍများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဥ္ဇာနိုင်က မဟာဗျူဟာဆောင်ရွက်မည့် အခန်းကဏ္ဍများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု များကို အခန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်နှင့် တာဝန်ရှိသူတို့က မဟာဗျူဟာမူကြမ်းနှင့် စပ်လျဉ်း၍ အပြုသဘောဆောင် အကြံပြုချက်များကို  တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

တိုင်းရင်းသားများက တိုင်းရင်းသားများ၏ အခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်ရန် ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဝန်ထမ်းများက တိုင်းရင်းသားများ နေထိုင်ရာ ဒေသများသို့ သွားရောက်၍ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ တိုင်းရင်းသားရေးရာ အခြေခံလိုအပ်ချက်များနှင့် စစ်တမ်းများကို ၂၀၁၈-၁၉ ခုနှစ်၌ ၆၄ ကြိမ်၊ ကောက်ယူခဲ့ပြီး ရလဒ်များအရ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၂၁-၂၀၃၀ ရေးဆွဲကာ အတည်ပြုနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာကို မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀ (MSDP)နှင့် ချိတ်ဆက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများသည် တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေး များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိခံစားရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ အကောင်အထည်ဖော်ရန် လမ်းပြမြေပုံဖြစ်လာမည့် မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေး၊ နှစ်အလိုက် Action Plans နှင့်အတူ ဦးစားပေးလုပ်ငန်းများကို တိုင်းရင်းသားနေထိုင်ရာဒေသများတွင် နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်နှင့်အညီ တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ဖွံ့ဖြိုးမှုကွာဟမှုရှိသည်ဟု ခံစားရမှုများ လျော့ပါးစေပြီး ငြိမ်းချမ်းသာယာသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေး အလားအလာကောင်းများ ဖန်တီးတည်ဆောက်ရာတွင် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်