မကွေး၊   ၃   ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မူလခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မြေသားရေကန် တိုးချဲ့တူးဖော်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၂ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးအောင်ကြီး၊ သရက်ခရိုင် ကျေးလက်ဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့် ဝန်ထမ်းများအဖွဲ့က မင်းတုန်းမြို့နယ် ညောင်ပင်ကျေးရွာတွင် မြေသားရေကန်တိုးချဲ့ တူးဖော်ခြင်းလုပ်ငန်းအား လည်းကောင်း၊ သရက်မြို့နယ် တပ်ကျေးရွာတွင် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဆိုလာမီးလင်းရေးလုပ်ငန်းများကို လည်းကောင်း၊ မင်းလှမြို့နယ် ကျောက်အိုးကျေးရွာတွင် မြေသားရေကန် တိုးချဲ့ တူးဖော်ခြင်းလုပ်ငန်းများကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးကာ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဦးစီးမှူးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

သရက်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများကို စတင်အကောင်ဖော် ဆောင်ရွက် လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းဌေးထံမှ သိရသည်။

ဇော်မင်းဌေး