မန္တလေး၊ ၃ ဒီဇင်ဘာ
ပြည်သူ့အငှားအိမ်ရာ(မန္တလေး) မြေတူးမင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အနီး ရှင်တော်ကုန်းကျေးရွာ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ ပြည်သူ့အငှားအိမ်ရာစီမံကိန်း(မန္တလေး) တည်ဆောက်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှင်တော်ကုန်းကျေးရွာ၌ အခန်း(၃၀၀၀) ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို လေးခန်းတွဲ ငါးထပ် အဆောက်အဦပုံစံ တည်ဆောက်မည်ဖြစ်ကာ မြေညီထပ်ကို အများသုံးဧရိယာအဖြစ် သတ်မှတ်ပြီး (၄)ထပ်ကို လူနေအခန်းများအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း၊ အခန်းတစ်ခန်းလျှင် (၆၆၆)စတုရန်းပေ ကျယ်ဝန်းပြီး အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာလ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး ရည်ရွယ်ကာ နိုင်ငံတစ်ဝန်း အငှားအိမ်ရာစီမံကိန်းအဖြစ် အခန်း တစ်သောင်း တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင် အခန်းပေါင်း ၆၃၀၀၊ နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ နှင့် မန္တလေးမြို့တွင် အခန်းပေါင်း ၃၀၀၀ အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်


