မန္တလေး၊ ၃ ဒီဇင်ဘာ
ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်က ပဲမြစ်ပေါ်ချိန် ဝယ်သူမရှိသလောက်ဖြစ်ခဲ့ပြီး ယခု ပဲမြစ်ပေါ်ချိန်တွင် ဈေးကောင်း ရနေကြောင်း ပဲမြစ်အများဆုံးစိုက်ပျိုးကြသော ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်မှ ပဲမြစ်စိုက်ပျိုး ရောင်းချသူများထံက သိရသည်။
“အခု ပဲမြစ်ပေါ်ချိန် ပေါ်ဦးပေါ်ဖျားမို့ ဈေးကောင်းရတာပါ။ ပဲမြစ်အကောင်းစားက ဈေးကောင်းတယ်။ နောက် ၁၅ ရက်လောက်ဆိုရင်တော့ တဖြည်းဖြည်းကျသွားတယ်။ တစ်လ ဆိုရင်တော့ ဈေးထပ်ကျ ပြန်ရော၊ ဆောင်းတွင်းမှာပဲ အစားများတာ၊ နွေမှာဆို စားသုံးသူက နည်းသွား တော့ ဈေးကွက်ပျက် သွားတယ်။ ပြီးခဲ့တဲ့ မေလပိုင်းက ပဲမြစ်နောက်ဆုံးတူးတဲ့အချိန်နဲ့ ကိုဗစ်စဖြစ်ချိန်နဲ့ တွေ့သွားတော့ ပဲမြစ်တစ်ပိဿာ သုံးရာကျပ်တောင် ဝယ်မယ့်သူမရှိတဲ့အဆင့်အထိ ဖြစ်ဖူးတယ်။ မြစ်ရေကြီးလို့ ပဲမြစ်ခင်းတွေရေမြုပ်သွားလို့ ပျက်စီးသွားတာ အများကြီးရှိတယ်။ အခုအချိန်မှာတော့ ပဲမြစ်ပေါ်ချိန်မို့ ဈေးကောင်းရနေတယ်” ဟု တံတားဦးမြို့ ဧရာဝတီ မကျီးတော ပဲမြစ်ရောင်းဝယ်ရေး လုပ်ကိုင်နေသော ကိုနေဝင်းက ပြောသည်။
တံတားဦးဒေသကထွက်သော ပဲမြစ်များကို မန္တလေး၊ တောင်ကြီး၊ ရန်ကုန် စသဖြင့် နယ်စုံ တင်ပို့ရန် လာရောက် ဝယ်ယူကြသူများကြောင်း၊ လက်ရှိပွဲရုံပေါက်ဈေးက ပဲမြစ်တောထွက် တစ်ပိသာ ၁၃ဝဝ ကျပ်ကနေ ကျပ် ၁၅ဝဝ ဝန်းကျင်ရှိကြောင်း၊ သန့်စင်ပြီး ပဲမြစ် တစ်ပိဿာကို ကျပ် ၂ဝဝဝ ကနေ ၃ဝဝဝ ဝန်းကျင်ရှိကြောင်း သိရသည်။
“စိုက်တဲ့အချိန်ကနေ ပေါ်တဲ့အချိန်ထိ ၅ လအချိန်ပေးရပါတယ်၊ ပထမဝါဆိုလောက်မှာ စစိုက်တဲ့ ပဲမြစ်က တန်ဆောင်မုန်းလပြည့်ကျော်မှာ ပေါ်တာ။ တစ်နှစ်ကို တစ်ကြိမ်ပဲ စိုက်လို့ရတာ။ အသေး၊ အကြီး၊ အလတ်၊ ရှယ်ပု ဆိုပြီး အစုံထွက်တယ်။ ရှယ်ပုဆိုတာက ပဲမြစ်အချိန် ၁၅ ပိဿာရွေးမှ နှစ်ပိဿာ၊ သုံးပိဿာလောက်ပဲ ထွက်တာ။ ပဲမြစ်က ကုန်စိမ်းဆိုတော့ ကြာရှည်သယ်လို့ရတဲ့ ပစ္စည်းလည်းမဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ပဲမြစ်က တစ်ဧကကို အထွက်ကောင်းလျှင် ပိဿာချိန် ၁၀၀၀ မှ ၁၅၀၀ အထိထွက်ကြောင်း၊ ပဲမြစ်မျိုးစေ့များကို ပြင်ဦးလွင်ဘက်ကထွက်ရှိကာ မျိုးစေ့တစ်တင်းကို ကျပ် နှစ်သိန်းနှစ်သောင်းမှ ကျပ် သုံးသိန်းဝန်းကျင်ရှိကြောင်း၊ ပူအိုက်စိုစွတ်ရာသီဥတုကို နှစ်သက်ပြီး ပဲမြစ်သည် တစ်နှစ် တစ်ကြိမ်သာပေါ်သော သီးနှံဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်


