ပုဂံ၊  ၃   ဒီဇင်ဘာ

 

ဘေးကင်းလုံခြုံသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဒုတိယအကြိမ်မြောက် အသိပညာပေးဟောပြောခြင်းကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ပုဂံမြို့ဟောင်းရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ) B.I.T.C(ဘုတ်ကျောင်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ အသိပညာပေးဆောင်ရွက်ရာတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ခရီးစဉ်ဒေသစနစ်တကျရေရှည်တည်တံ့စေရေး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပို့ချသည်။

 

ဆက်လက်၍ ပုဂံခရီးစဉ်ဒေသ၏ တန်ဖိုးနှင့် ဒေသခံများ၏ လိုက်နာဆောင်ရွက်မှု၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ခရီးသွားများမှ စွန့်ပစ်ခဲ့သော အမှိုက်များ၏ ဘေးထွက်ဆိုးကျိုးများ လျှော့ချရေး၊ ဘေးကင်းလုံခြုံသောကျန်းမာရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာနှင့် ဝန်ဆောင်မှုလုပ်ငန်းစသည့် အကြောင်းအရာများကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ  ကဏ္ဍအလိုက်ရှင်းလင်းပို့ချကြပြီး တက်ရောက် လာကြသည့် ရွှေဂူကြီးဘုရားမှ ဈေးသည်များ၏ သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားကြသည်။

 

ပုဂံခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး (Destination Management Organization)ကော်မတီအနေဖြင့် ခရီးစဉ်ဒေသ သစ် များများတိုးချဲ့ဖွင့်လှစ်နိုင်ရေး မြေပြင်ကွင်းဆင်းလေ့လာခြင်း၊ ဒေသခံပြည်သူများအား ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)၊ ညောင်ဦးခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)၊ ပုဂံဧည့်လမ်းညွှန်များအသင်း၊ ပုဂံ Plastic Campaign အဖွဲ့၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)မှ တာဝန်ရှိသူများနှင့် ရွှေဂူကြီးဘုရားမှဈေးသည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဖေလိန်း(ပုဂံ)