ကျွန်းလှ၊ ၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီး၏ ဩဝါဒလမ်းညွှန်မှု၊ စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေး ဆုရှင်၊ စစ်ကိုင်း IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ တည်ထောင်သော သီတဂူဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)စာသင်၊ စာချနှစ်ထပ်ဆောင် တည်ဆောက်မှု (၉၀)ရာခိုင်နှုန်း ပြီးစီးကြောင်း သိရသည်။
အဆိုပါ (အလျား၁၂၀× အနံ၆၈) ပေစာသင်၊ စာချနှစ်ထပ်ဆောင်အား ဒေါက်တာခင်ခင်ရီမိသားစု (ရှိုင်းဟုပ်ကုမ္ပဏီ)မှ ငွေကျပ်သိန်း (၃၀၀၀) လှူဒါန်းခြင်းဖြစ်ကြောင်း၊ ဆက်လက်ပြီး (အလျား၂၈၀× အနံ၂၀၀) ပေပင်မကျောင်းဆောင်နှင့် စာသင်၊ စာချ (၁၄)ဆောင် တည်ဆောက်မည်ဖြစ်ကြောင်း သီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ) အင်ဂျင်နီယာအဖွဲ့မှ သိရသည်။
ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ဒီပလိုမာတန်း၊ ဘီအေတန်း၊ အဘိဓမ္မာတန်းများ သင်ကြားပေးကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


