ကန်ကြီးထောင့်၊ ၃  ဒီဇင်ဘာ

ပြည်သူများ စိတ်အပန်းဖြေ အနားယူနိုင်ရန်နှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ကန်ကြီးထောင့်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ လွတ်လပ်ရေး ကျောက်တိုင်ပန်းခြံအား သန့်ရှင်းသာယာလှပစေရေးများနှင့် လိုအပ်သည့် ပြင်ဆင်မွမ်းမံမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“အများပြည်သူနှင့် ကလေးငယ်များ စိတ်ပျော်ရွှင်စေရေး၊ အပန်းဖြေအနားယူနိုင်ရေးနှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားခြင်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး ပန်းခြံအတွင်း ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အုတ်တံတိုင်းနှင့် ထိုင်ခုံများဆေးသုတ်ခြင်းနှင့် လိုအပ်တဲ့ပြင်ဆင်မွမ်းမံမှုများကို ဆောင်ရွက်လျက်ရှိပြီး ယခုလိုဆောင်ရွက်ရာတွင်လည်း ဒေသခံပြည်သူများနှင့် လုပ်ငန်းရှင်များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း မြို့၏ သမိုင်းမှတ်တမ်းများအရ ရှေးယခင်ထဲက ပန်းခြံအတွင်း တည်ရှိခဲ့သည့် ဂျပန်တူးမြောင်းအား ပြန်လည်ပြင်ဆင် ထိန်းသိမ်းခြင်းကိုလည်း ဒေသခံများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးဦးက ပြောသည်။

 

ကန်ကြီးထောင့်မြို့၏ တစ်ခုတည်းသော ပန်းခြံဖြစ်သည့် လွတ်လပ်ရေးကျောက်တိုင်ပန်းခြံဟုလည်း ခေါ်ဝေါ်ကြပြီး ဧရာသီရိသုခပန်းခြံဟုလည်း ခေါ်ဝေါ်ကြသည့် အဆိုပါပန်းခြံအား ပြင်ဆင်မွမ်းမံခြင်းများနှင့် လိုအပ်သည်များ ဆောင်ရွက်ပြီးစီးသွားပါက ပြည်သူများ အပန်းဖြေအနားယူနိုင်စေရန် အချိန်သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများနှင့်အညီ စနစ်တကျ ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)