မန္တလေး၊ ၃ ဒီဇင်ဘာ
မန္တလေးမဟာမြတ်မုနိဘုရားကြီးရှိ ပိဋကတ်ပြတိုက်အတွင်းမှ ပေစာ၊ ပုရပိုဒ်စာများအား ရေရှည်တည်တံ့စေရန်နှင့် အများပြည်သူလေ့လာရလွယ်ကူစေရန် ရည်ရွယ်ပြီး အဆိုပါ ပေစာ၊ ပုရပိုဒ်စာများအား Scan ဖတ်ကာ ကွန်ပျူတာတွင် ထည့်သွင်းနေပြီး ဘုရားကြီးပြန်လည် ဖွင့်လှစ်ချိန်တွင် အများပြည်သူ အလွယ်တကူ လေ့လာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ မှ သိရသည်။
မန္တလေးမဟာမြတ်မုနိဘုရားကြီးရှိ ပေစာ၊ ပုရပိုဒ်စာများကို ပိဋကတ်ပြတိုက်မှာ ထိန်းသိမ်းထားတာ နှစ်တွေကြာလာတော့ ဆွေးမြေ့နေတာတွေ၊ ပေစာတွေမှာ ကြွပ်ရွနေတာတွေ ဖြစ်နေတဲ့အတွက် ရေရှည်ခံ အောင်ထိန်းသိမ်း တာပါ၊ ပေ၊ ပုရပိုဒ်တွေကို သန့်ရှင်းရေးဆောင်ရွက်ပြီး Scan ဖတ်ကာ ကွန်ပျူတာတွင် ထည့်သွင်း၍ အများပြည်သူ လေ့လာနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်၊ ဒီထဲပါ ရှားရှားပါးပါး ပေ၊ ပရပိုဒ်တွေလည်း ပါဝင်ပါတယ်၊ ဒီဟာတွေကို လာရောက်လေ့လာတဲ့သူတွေလည်း ရှိပါတယ်၊ လာရောက်လေ့လာသူတွေကို တိုက်ရိုက်ကိုင်တွယ်မှုမရှိဘဲ ခေတ်မီနည်းပညာကို အသုံးပြုပြီး လေ့လာလို့ရအောင် လိုအပ်တဲ့အခါ အလွယ်တကူ ထုတ်ယူလေ့လာလို့ရအောင် စီမံ ဆောင်ရွက်နေတာပါ၊ မန္တလေး မဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့ဝင် ဦးမောင်ဆန်း က ပြောပြသည်။
ဒီလုပ်ငန်းတွေအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်မှ ပညာရှင်များ ဖိတ်ကြားကာ အကြံဉာဏ် ရယူပြီး ရန်ကုန်က ပညာရှင်တွေရဲ့ အကူအညီနှင့် ပေ၊ ပုရပိုဒ်များအား Scan ဖတ်ကာ ကွန်ပျူတာတွင် ထည့်သွင်းခြင်း ဖြစ်ကြောင်း၊ ပေ၊ ပုရပိုဒ်များ သန့်ရှင်းရေးလုပ်ငန်းအတွက် မိမိတို့ဆီမှ ဝန်ထမ်းတစ်ဦးအား တစ်နှစ်ကျော် သင်တန်းပေးကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ပေစာ၊ ပရပိုဒ်စာများအား သန့်ရှင်းရေးဆောင်ရွက်ကာ အမျိုးအစားများ ခွဲခြားပြီး ခေတ်မီ နည်းပညာဖြင့် Scan ဖတ်၍ ကွန်ပျူတာတွင် ထည့်သွင်း ပြုစုလျက်ရှိရာ ပေ၊ ပုရပိုဒ်ပေါင်း တစ်သောင်းနီးပါး ပြုစုပြီးစီးနေပြီဖြစ်ကြောင်း သိရပြီး ကျန်ရှိနေသော ပေ၊ပုရပိုဒ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


