ရန်ကုန်၊ ၃  ဒီဇင်ဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို ပြည်သူများအနေဖြင့် ပိုမိုသိရှိလိုက်နာစေရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းနှင့် မျက်နှာအကာ တပ်ဆင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့ကြသည်။

 

အဆိုပါလှုပ်ရှားမှုတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက အများပြည်သူသုံး ယာဉ်များတွင် စီးနင်းလိုက်ပါသော ခရီးသည်များနှင့် ယာဉ်မောင်းများအား ပါးစပ်၊ နှာခေါင်းစည်းများဝေငှခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များဝေငှခြင်း၊ ယာဉ်များတွင် လက်သန့်စင်ဆေးရည်ဘူးများ တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “အဓိက အခက်အခဲက ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုပဲ။ ပြည်သူလူထုက အများပြည်သူ သွားတဲ့နေရာတွေ၊ လူစုလူဝေး ဖြစ်တဲ့နေရာတွေ မသွားနဲ့ဆိုသွားတယ်။ ပါးစပ် နှာခေါင်းစည်းတပ်ပါဆိုရင် လုံလုံ ခြုံခြုံ မတပ်ဘူး။ ဒါဟာ ပြည်သူကို အပြစ်ပြောတာမဟုတ်ဘူး။ အဲဒီလိုမျိုးဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့မှာ ထိန်းချုပ်ရတာ အခက်အခဲရှိတယ်။ ပြည်သူလူထုပူးပေါင်းပါဝင်မှု အပြည့်ရှိရင် ကျွန်တော်တို့လည်း ထိန်းချုပ်မှု အပြည့်ရနိုင်တယ် ဟု ပြောကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ လူစည်ကားရာနေရာများနှင့် ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကုသရေးစင်တာ ၂၂ ခုဖွင့်လှစ်ထားသည့် အတွက် ကုသရေးအပိုင်းတွင် နိုင်နင်းစွာ ကုသပေးလျက်ရှိသော်လည်း ကာကွယ်တားဆီး ထိန်းချုပ်ရေးအပိုင်းတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမှာ ယခုထက်ပိုမို လိုအပ်လျက်ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်