မယ်စဲ့၊ ၃ ဒီဇင်ဘာ
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများအား အခန်းကဏ္ဍ အသီးသီးတွင် ပိုမိုမြှင့်တင်ဆောင်ရွက်ရန်နှင့် မသန်စွမ်းသူများနှင့် ပတ်သက်သော အကြောင်းအရာများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် အခန်းကဏ္ဍများတွင် ပိုမိုထည့်သွင်းစဉ်းစားနိုင်ကြစေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက မသန်စွမ်းသူများအား သန်စွမ်းသူများကဲ့သို့ တန်းတူ အခွင့်အရေး ရရှိစေရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကို အလေးထားလာစေရန်နှင့် စိတ်ဓာတ်အင်အားကိုပါ မြင့်မားလာစေရန် မြင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ပြည်နယ်အတွင်းရှိ မသန်စွမ်းအဖွဲ့အစည်းများနှင့် အတူလက်တွဲပူးပေါင်း၍ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ စွမ်းဆောင်ရည်နှင့် လူ့အခွင့်အရေးတို့ကို အလေးဂရုပြု ဖော်ထုတ်အသိအမှတ်ပြုကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသော မသန်စွမ်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်သည်။
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြို့နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)


