ဆင်ပေါင်ဝဲ၊ ၃ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တင်ဒါစနစ်ဖြင့် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ ချပြရှင်းလင်းပွဲကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီ က အဆိုပါဦးစီးဌာနရုံး၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းနှင့် ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝန်းတို့က အမှာစကားပြောကြားကြသည်။
ဆက်လက်၍ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်မီမီအောင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်း ပိတောက်စမ်း၊ ဖိုစွတ်၊ စည်ပင်၊ တလင်းကုန်း၊ ပိတောက်ကန်၊ ပန်းလည်၊ ကျောက်ဆောင်စမ်း၊ ကျောက်ဖြူတောင်၊ မြောင်ကြီး၊ ချီစွတ်၊ ဖိုလေးလုံး စသည့် ကျေးရွာ ၁၁ ရွာတွင် ကျေးလက်ရေပေးရေးလုပ်ငန်းများနှင့် မကြီးတောကျေးရွာ ကုန်ထုတ်လမ်းဖောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါလုပ်ငန်းများ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာကုမ္ပဏီများက ပြန်လည်ဖြေကြားခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပိတောက်စမ်း၊ ဖိုစွတ်၊ စည်ပင်၊ တလင်းကုန်း၊ ပိတောက်ကန်၊ ပန်းလည်၊ ကျောက်ဆောင်စမ်း၊ ကျောက်ဖြူတောင်၊ မြောင်ကြီး၊ ချီစွတ်၊ ဖိုလေးလုံး စသည့် ကျေးရွာ ၁၁ ရွာ၌ သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်းသစ်တူးဖော်ခြင်းလုပ်ငန်းခုနစ်ခု၊ မြေသားရေကန် တိုးချဲ့ပြုပြင် ခြင်းလုပ်ငန်း နှစ်ခု၊ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း ကိုးခု၊ အလျား ၁၀ ပေ၊ အနံ ရှစ်ပေ၊ အမြင့် ရှစ်ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း ခုနစ်ခုနှင့် မကြီးတောကျေးရွာ ကုန်ထုတ်လမ်း တစ်မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၉၈ သန်း၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေကျပ် ၁၄ သန်း စုစုပေါင်းခွင့်ပြုရန်ပုံငွေကျပ် ၂၁၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


