မူဆယ်၊  ၃  ဒီဇင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှုအခြေအနေနှင့် ပတ်သက်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများ၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူများနှင့် ဒေသခံယာဉ်မောင်းများ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းကို ဒီဇင်ဘာ  ၂  ရက် မွန်းလွဲပိုင်းက  မူဆယ်မြို့ ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး လက်ရှိ မူဆယ်မြို့၊ နယ်စပ်ဒေသ၌ ကုန်သွယ်စီးဆင်းမှု ပို့ကုန်/သွင်းကုန်အခြေအနေများ၊  မူဆယ်မြို့၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခြင်းနှင့် ပတ်သက်၍ ကုန်တင်ယာဉ်မောင်းများနှင့် ဒေသခံ ခါလီကုန်တင် ယာဉ်မောင်းများ၊ ကျွဲ၊ နွားကုန်သည်များက ကြုံတွေ့ရသည့် အခက်အခဲတင်ပြချက်အပေါ် ခရိုင်အုပ်ချုပ် ရေးမှူးက ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် မူဆယ်မြို့၊ နယ်စပ်ဒေသ၌ သောင်တင်နေသော ကျွဲ၊ နွားအရှင်နှင့် ပတ်သက်၍ ကြုံတွေ့ နေသည့် အခြေအနေများ၊ နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု ပုံမှန်စီးဆင်းပြီး ပိုမိုမြန်ဆန်လာစေရန်အတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့် မြေပြင်အခြေအနေများ၊ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့် ပို့ကုန် ယာဉ်များအား စနစ်တကျဆက်လက် ဝင်ရောက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ပေါင်းစပ်ညှိနှိုင်းမှုအပေါ် ဆက်လက် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ ကုန်တင် ယာဉ်မောင်းများနှင့် ဒေသခံ ခါလီယာဉ်မောင်းများကြုံတွေ့နေရသည့် အခက်အခဲများ တင်ပြလာမှု အပေါ် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉက္ကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ မူဆယ်မြို့ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများ၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိများနှင့် ဒေသခံယာဉ်မောင်းများ အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့် တရုတ်နိုင်ငံဘက်က ကျွဲ၊ နွား အရှင်ဝယ်ယူမှု ရပ်တန့်၍ မူဆယ်မြို့၊ နယ်စပ်ဒေသ၌ ကျွဲ၊ နွားအရှင်များ သောင်းချီ သောင်တင်နေပြီး ကျွဲ၊ နွားကုန်သည်များ အခက်အခဲ မျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရသလို နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)နှင့် ကျင်စန်းကျော့ဂိတ်တို့၌ ပို့ကုန်ယာဉ် အဝင်/အထွက် ကျန့်ကြာမှုများကြောင့် မူဆယ်မြို့နှင့် (၁၀၅)မိုင်ကြား ကျင်စန်းကျော့ လမ်းကြောင်းတစ်လျှောက်တို့တွင် ကုန်တင်ယာဉ်မောင်းများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရသည်။

 

မူဆယ်မြို့၊ နယ်စပ်ဒေသနှင့်ပတ်သက်၍ ဆင်ပြေချောမွေ့စေရေးအတွက် မူဆယ်မြို့၊ နယ်စပ်ဒေသ အာဏာပိုင်များ အနေဖြင့် တရုတ်နိုင်ငံတာဝန်ရှိသူများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးခြင်းနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိများ မကြာခဏတွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီး  ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ ယခင် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားသည့်ကာလထက် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)