မင်းဘူး၊  ၃   ဒီဇင်ဘာ

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MPRL E&P ကုမ္ပဏီသည် မန်းရေနံမြေဒေသခံများအတွက် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်လုပ်သားရင်းမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်၍ မင်းဘူး(စကု)မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းကာ  အခြေခံမွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုအတတ်ပညာ သင်တန်းကို မန်းရေနံမြေ ထိစပ်ကျေးရွာတစ်ရွာဖြစ်သည့် အောက်ကျောင်းကျေးရွာတွင် ဒီဇင်ဘာ  ၂  ရက်  နံနက်ပိုင်းက ဖွင့်လှစ်ပို့ချခဲ့သည်။

 

အဆိုပါသင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အစီအမံများဖြင့် ဒီဇင်ဘာ ၂ ရက်မှာ ၄ ရက်အထိ  သုံးရက်တာ ပို့ချသွားမည်ဖြစ်သည်။ သင်တန်းတွင် မင်းဘူး(စကု)မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာ အောင်မြင့်နှင့် ဒုတိယဦးစီးမှူး ဒေါက်တာအိအိဆွေအောင်တို့က ကျွဲနွား၊ ဆိတ်၊ ဝက်နှင့် တိုင်းရင်းကြက်မွေးမြူထုတ်လုပ်နည်း၊ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုနှင့် မေထုန်မဲ့ သားစပ်နည်း စသည့် မွေးမြူရေးဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချလျက်ရှိသည်။

 

သင်တန်းသို့ မန်းရေနံမြေ ထိစပ်ကျေးရွာ ၁၀ ရွာမှ သင်တန်းသား ၂၆ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းပြီးစီး အောင်မြင်ပါက ဒေသတွင်းအရင်းအမြစ်များကို အသုံးပြု၍ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်နိုင်ရုံသာမက ကုန်ကျစရိတ် လျှော့ချနိုင်ခြင်းနှင့် ဒေသခံများအတွက် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်