မန္တလေး ဒီဇင်ဘာ ၃

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အနီး ရှင်တောင်ကုန်း ကျေးရွာတွင် အိမ်ရာအခန်းပေါင်း ၃၀၀၀ ပါဝင်သည့် မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ယခု ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါတိုက်ခန်းများအား တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် အငြိမ်းစားဝန်ထမ်းများ၊ အငြိမ်းစားယူရန် နီးကပ်နေသည့်ဝန်ထမ်းများ၊ ဝင်ငွေနည်းဝန်ထမ်းများနှင့် ငွေကြေးခက်ခဲနေသည့် ပြည်သူများ အတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရဘတ်ဂျက်တို့မှ ခန့်မှန်းကုန်ကျငွေ ၇၅ ဘီလီယံသုံးစွဲ၍ တည်ဆောက်ရန်လျာထားပြီး သြဂုတ် ၂၈ ရက်နေ့က ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

"လောလောဆယ်မှာ စီမံကိန်းဧရိယာထဲကို ဝင်မယ့်တံတားတွေနဲ့လမ်းတွေကို ဆောင်ရွက်ပြီးပါပြီ။ အိမ်ရာ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် အင်ဂျင်နီယာကြိုတင်လုပ်ငန်းတွေ ပြီးသွားလို့ ဖောင်ဒေးရှင်း စတင်တူးနေပါပြီ။ လိုအပ်တဲ့ပစ္စည်းတွေလည်း စုဆောင်းပြီးဖြစ်နေတဲ့အတွက် လုပ်ငန်းများလုပ်ဆောင်မှုက ၃ ရာခိုင်နှုန်းတော့ ပြီးနေပြီလို့ ပြောလို့ရပါတယ်။ တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားဖို့ သတ်မှတ်ချက်ထားပြီး ဆောင်ရွက်သွားမှာပါ။ ဒီအိမ်ရာတွေပြီးသွားရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တွေမှာ မူဝါဒတစ်ခုသတ်မှတ်ပြီး ငှားရမ်းပေးသွားမှာပါ။ ငှားရမ်းမယ့်ပုံစံက သုံးလတော့စပေါ်တင်ပြီး နေထိုင်ခွင့်ကို သက်တမ်းတစ်ခု သတ်မှတ်သွားမှာပါ။ ရန်ကုန်မှာတော့ နေထိုင်ခွင့်အတွက် ငါးနှစ်သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ မန္တလေး မှာတော့ ဘာမှမသတ်မှတ်ရသေးပါဘူး။ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးပြီး လမ်းညွှန်ချက်တွေရပြီးမှ လျှောက်လွှာတွေခေါ်ဖို့ တရားဝင်ကြေညာမှာပါ။ ဌာနအနေနဲ့ လောလောဆယ် နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးနိုင်စေဖို့ ဒီစီမံကိန်းကို အမြန်ဆုံးပြီးစီးအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ လာမယ့်နှစ်တွေမှာလည်း အိမ်ခန်းအရေအတွက်တွေ တိုးချဲ့တည်ဆောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမှာပါ" ဟု ၎င်းက ပြောသည်။

အဆိုပါ အိမ်ရာတိုက်ခန်းများအား မြေဧက ၁၁၂ ဧကပေါ်တွင် ၆၅၀ စတုရန်းပေ အကျယ်အဝန်းရှိ လေးခန်းတွဲ ငါးထပ်ပါ တိုက်လုံးရေ ၁၈၈ လုံး၊ စုစုပေါင်း အခန်း ၃၀၀၀ ကို တည်ဆောက်သွားမည်ဖြစ်ပြီး၊ အဆိုပါစီမံကိန်းကို မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုတ်တာများအသင်းတို့မှ တာဝန်ယူ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အဆိုပါ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ရန်ကုန်မြို့တွင် အခန်းပေါင်း ၆၃၀၀၊ နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ နှင့် မန္တလေးမြို့တွင် အခန်းပေါင်း ၃၀၀၀ စုစုပေါင်း အခန်းပေါင်း ၁၀၀၀၀ ကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ အဆိုပါ အခန်းများပြီးစီးပါက ပြင်ပတွင် ငှားရမ်းနေထိုင်သည့် နှုန်းထားများထက် ပိုမိုသက်သာသည့် အငှားစနစ်ဖြင့် နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)