မန္တလေး ၃ ဒီဇင်ဘာ
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အနီး ရှင်တော်ကုန်းကျေးရွာတွင် အိမ်ရာအခန်းပေါင်း ၃၀၀၀ ပါဝင်သည့် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းများအား တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် အငြိမ်းစားဝန်ထမ်းများ၊ အငြိမ်းစားယူရန် နီးကပ်နေသည့် ဝန်ထမ်းများ၊ ဝင်ငွေနည်း ဝန်ထမ်းများနှင့် ငွေကြေးခက်ခဲနေသည့် ပြည်သူများအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်တို့မှ ခန့်မှန်းကုန်ကျငွေ ၇၅ ဘီလီယံသုံးစွဲ၍ တည်ဆောက်ရန်လျာထားပြီး သြဂုတ်လ ၂၈ ရက်က အဆိုပါ မြေနေရာတွင် ပန္နက်တင်မင်္ဂလာအခန်းအနားကို ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် တည်ဆောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။
“လောလောဆယ်မှာ စီမံကိန်းဧရိယာထဲကို ဝင်မယ့်တံတားတွေနဲ့ လမ်းတွေကို ဆောင်ရွက်ပြီးပါပြီ။ အိမ်ရာ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် အင်ဂျင်နီယာ ကြိုတင်လုပ်ငန်းတွေ ပြီးသွားလို့ ဖောင်ဒေးရှင်း စတင်တူးနေပါပြီ။ လိုအပ်တဲ့ပစ္စည်းတွေလည်း စုဆောင်းပြီး ဖြစ်နေတဲ့အတွက် လုပ်ငန်းများ လုပ်ဆောင်မှုက သုံးရာခိုင်နှုန်းတော့ ပြီးနေပြီလို့ပြောလို့ရပါတယ်။ တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားဖို့ သတ်မှတ်ချက်ထားပြီး ဆောင်ရွက်သွားမှာပါ။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးပြီး လမ်းညွှန်ချက်တွေရပြီးမှ လျောက်လွှာတွေခေါ်ဖို့ တရားဝင်ကြေငြာမှာပါ။ ဌာနအနေနဲ့ လောလောဆယ် နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးနိုင်စေဖို့ ဒီစီမံကိန်းကို အမြန်ဆုံးပြီးစီးအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ လာမယ့်နှစ်တွေမှာလည်း အိမ်ခန်းအရေအတွက်တွေ တိုးချဲ့တည်ဆောက်နိုင်ဖို့ စီစဉ် ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကပြောသည်။
အဆိုပါ အိမ်ရာတိုက်ခန်းများအား မြေဧက ၁၁၂ ဧကပေါ်တွင် ၆၅၀ စတုရန်းပေ အကျယ်အဝန်းရှိ လေးခန်းတွဲငါးထပ်ပါ တိုက်လုံးရေ ၁၈၈ လုံး၊ စုစုပေါင်းအခန်း ၃၀၀၀ ကို တည်ဆောက်သွားမည်ဖြစ်ပြီး၊ စီမံကိန်းကို မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုတ်တာများ အသင်းတို့မှ တာဝန်ယူ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အဆိုပါ ပြည်သူ့အငှါးအိမ်ရာ စီမံကိန်းကို ရန်ကုန်မြို့တွင် အခန်းပေါင်း ၆၃၀၀၊ နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ နှင့် မန္တလေးမြို့တွင် အခန်းပေါင်း ၃၀၀၀ စုစုပေါင်း အခန်းပေါင်း ၁၀၀၀၀ ကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ အဆိုပါ အခန်းများ ပြီးစီးပါက ပြင်ပတွင် ငှားရမ်းနေထိုင်သည့် နှုန်းထားများထက် ပိုမိုသက်သာသည့် အငှားစနစ်ဖြင့် နေရာချထားပေးမည် ဖြစ်ကြောင်းသိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


