၃ ဒီဇင်ဘာ

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု တတိယလှိုင်းကို ရှောင်နိုင်ရန် ခရစ္စမတ် ပွဲတော်အတွင်း တစ်နိုင်ငံလုံးအနေနဲ့ ခရီးသွားလာမှုကို တားမြစ်ကြောင်း ဒီနေ့ (ကြာသပတေးနေ့) မှာ ကြေညာလိုက်ပါတယ်။ 

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ချမှတ်ထားတဲ့ ညမထွက်ရအမိန့်နဲ့ တခြားသော စည်းမျဉ်း စည်းကမ်းများကိုလည်း ဆက်လက် ပြဋ္ဌာန်းသွားမှာဖြစ်ကြောင်း သိရပါတယ်။  ခရစ္စမတ်အချိန် ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၆ ရက်အတွင်း ဒေသတစ်ခုနဲ့တစ်ခုကြား ကူးသန်းသွားလာခွင့် တားမြစ်တားသလို၊ ဒီဇင်ဘာ ၂၅၊ ၂၆ နဲ့ ဇန်နဝါရီ ၁ ရက်နေ့တွေမှာ လက်ရှိနေထိုင်ရာ မြို့အပြင်သို့ ခရီးထွက်သွားလာခြင်းကို တားမြစ်ကြောင်း သိရပါတယ်။ 
ဒီဇင်ဘာ ၂၀ ရက်နေ့မှ စပြီး အီတလီနိုင်ငံသို့ လာရောက်မယ့် နိုင်ငံခြားသားတွေအနေနဲ့  ၁၀ ရက်တိတိ သီးသန့်နေထိုင်ရမယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ပိုးကူးစက်မှုများတဲ့ နေရာကို အနီရောင်အဆင့် သတ်မှတ်ပြီး အဲဒီနေရာတွေမှာရှိတဲ့ ဘားနဲ့ စားသောက်ဆိုင်တွေဟာ ဆက်လက်ပိတ်ထားရမှာဖြစ်ပါတယ်။ အဝါရောင်အဆင့် သတ်မှတ်ထားတဲ့ ဒေသတွင်းမှာရှိတဲ့ ဆိုင်တွေဟာ ညနေ ၆ နာရီမှာ ပိတ်ရမှာဖြစ်ပါတယ်။ ည ၁၀ နာရီအထိ နိုင်ငံတစ်နိုင်ငံလုံး ညမထွက်ရအမိန့်ကို ဆက်လက်ထုတ်ပြန်ထားကြောင်း သိရပါတယ်။ 

အဝါရောင်အဆင့် သတ်မှတ်ထားတဲ့ ဒေသအတွင်းရှိ စားသောက်ဆိုင်တွေဟာ ခရစ္စမတ်နေ့နဲ့ ဒီဇင်ဘာ ၂၆ ရက်မှာ နေ့လယ်စာ ရောင်းချခွင့် ရှိမရှိကို အစိုးရအတွင်းမှာ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။  
ဗုဒ္ဓဟူးနေ့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ  အီတလီနိုင်ငံမှာ ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူ ၂၀,၇၀၉ ဦး ရှိကြောင်း နဲ့ သေဆုံးသူ ၆၈၄ ဦးရှိကြောင်း သိရပါတယ်။

MDN
ကိုးကား - AFP