ရန်ကုန်  ၃  ဒီဇင်ဘာ

ဒီဇင်ဘာ (၃)ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန် သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့” ဖြစ်ပါကြောင်း၊ ယနေ့နံနက်ပိုင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဒုတိယသမ္မတ ဦးဆောင်သည့် နိုင်ငံတော်အဆင့် အခမ်းအနားတစ်ရပ်ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလဖြစ်ပွားနေသော်လည်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အခမ်းအနားကျင်းပနိုင်သည့်အတွက် ဝန်ကြီးဌာနက ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မသန်စွမ်းသူများသည် လူ့အဖွဲ့အစည်းဝင် လူသားများဖြစ်ပြီး တန်ဖိုးရှိသော နိုင်ငံသားများပင်ဖြစ်ပါကြောင်း၊ ၂၀၁၉ ကြားဖြတ်သန်းခေါင်းစာရင်း ရှေ့ပြေးရလဒ်များအရ နိုင်ငံတော်လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း (၅၉)သိန်းကျော်ခန့်သည် မသန်စွမ်းသူများဖြစ်ပါကြောင်း။

ယခုကဲ့သို့များပြားလှသည့် မသန်စွမ်းလူဦးရေအရ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးဝင်သော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန် ဆောင်ရွက်ရန်လိုပါကြောင်း၊ နိုင်ငံတော်၏ ဦးဆောင်လမ်းညွှန်မှုနှင့် အတူ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်သည့်နေရာတွင် မည်သူမျှနောက်ကျ မကျန်ရစ်စေရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်က တတ်နိုင်သည့်ဘက်မှ ပါဝင်ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းကို လွန်စွာဝမ်းမြောက် ဂုဏ်ယူမိပါ ကြောင်း၊ ယနေ့နိုင်ငံတော်အတွင်း ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကို မသန်စွမ်းသူ နိုင်ငံသူ နိုင်ငံသားများ အပါအဝင် နိုင်ငံသားအားလုံး စည်းကမ်းများနှင့်အညီ ကျော်လွှားနိုင်ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉အလွန်ကာလ မသန်စွမ်းသူများ၏ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တို့ကိုလည်း ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် မသန်စွမ်းအသင်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်းတို့ကို ပိုမိုတိုးမြှင့် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအပြင် မသန်စွမ်းသူများ၏ မိဘနှင့် မိသားစုဝင်များ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည့် လမ်းညွှန်ချက်တို့ကို လိုက်နာ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး၊ ကျန်းမာရေးနှင့် ဘဝရပ်တည်မှုခက်ခဲ နေကြသည့် မသန်စွမ်းသူများအတွက် နိုင်ငံတော်မှ CERP အစီအစဉ်အရ မသန်စွမ်းသူတစ်ဦးလျှင် (၃)သောင်း ကျပ်နှုန်းဖြင့် မသန်စွမ်းသူ(၂)သိန်းကို ပံ့ပိုးပေးနိုင်ခဲ့ပြီး ဆက်လက်ထောက်ပံ့နိုင်ရေးကို ဦးစီးဌာနဘတ်ဂျက် အသစ်တွင် ထည့်သွင်းလျာထားပြီဖြစ်ပါကြောင်း ပြောကြားသည်။  
 
ယင်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ညီမျှခြင်းမြန်မာနှင့် ICRC တို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။

အစီအစဉ် ဒုတိယပိုင်းအဖြစ် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် မသန်စွမ်းအခွင့်အရေး၊ အမြင်အာရုံ မသန်စွမ်းသူများနှင့် မသန်စွမ်းအခွင့်အရေး၊ အကြားအာရုံ မသန်စွမ်းသူများနှင့် မသန်စွမ်းအခွင့်အရေး၊ ဉာဏ်ရည်မသန်စွမ်းသူများနှင့် မသန်စွမ်းအခွင့်အရေးတို့ကို Video Clip ဖြင့်ပြသပြီး မသန်စွမ်းခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း  သိရသည်။

သတင်းစဉ်