ဘဂ္ဂဒက် ၃ ဒီဇင်ဘာ
အီရတ်သမ္မတ ဘာဟမ်ဆာလီနှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြရာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် အကြမ်းဖက်ဝါဒီနှင့် အစွမ်းရောက်ဝါဒီ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ၏ ဆက်လက်ကြိုးပမ်း အားထုတ်မှုလိုအပ်ပုံကို အလေးထား ဆွေးနွေးခဲ့ကြသည်။
ဆာလီနှင့် မက်ခရွန်သည် ဆက်သွယ်ဆွေးနွေးစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ယင်းဆက်ဆံရေးကို နှစ်ဖက်အကြား အပြီးသတ်ခဲ့သည့် သဘောတူညီမှုနှင့် နားလည်မှုများမှတစ်ဆင့် နယ်ပယ်ပေါင်းစုံ၌ တိုးမြှင့်ရေးဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း အီရတ်သမ္မတ၏ မီဒီယာရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် ဒေသဆိုင်ရာ နောက်ဆုံးအခြေအနေများကို ပြန်လည်သုံးသပ် ခဲ့ကြပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှု စောင့်ကြည့်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု တိုးမြှင့်ရေးအတွက် တင်းမာမှုများ ရှောင်ကြဉ်ရေးဆိုင်ရာ ညှိနှိုင်းပွဲများအား သဘောတူလက်ခံရေးလိုအပ်ပုံကို အလေးထားဆွေးနွေးခဲ့သည်။
တစ်ချိန်တည်းမှာပင် အီရတ်သမ္မတဆာလီက အီရတ်အစိုးရသည် ၎င်း၏ မဟာမိတ်များ၊ မိတ်ဆွေ များနှင့် ပူးပေါင်းဆောင်ရွက်ပြီး အိုင်အက်စ်စစ်သွေးကြွအုပ်စုကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သလို ၎င်းတို့၏ လျှို့ဝှက်အဖွဲ့ခွဲများကိုလည်း ခြေရာခံလိုက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြင်သစ်နိုင်ငံသည် အီရတ်နှင့် ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ်စစ်သွေးကြွအုပ်စုကို လေကြောင်းဖြင့် တိုက်ခိုက်ရာ၌ အီရတ်တပ်ဖွဲ့အား အကူအညီပေးရန် တာဝန်ပေးထားသည့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်သလို စစ်လက်နက် ကိရိယာများနှင့် သင်တန်းများကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ