ပုသိမ်၊ ၄ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကို  COVID-19 ရောဂါ ကူးစက်မှု လျော့ကျစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားခဲ့ပြီး တစ်အိမ် တစ်ယောက်သာ အပြင်ထွက်ရှိနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများက အိမ်ပြင်ပ ထွက်ခွင့်ကတ်များကို  နယ်မြေအလိုက်  ထုတ်ပေးခဲ့ပြီးဖြစ်သည်။

 

ယခုအခါ ပုသိမ်မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေး ဦးဆောင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နေ့စဉ် မွန်းလွဲပိုင်းမှစ၍ အပြင်ထွက်ခွင့်ကတ်များအား စစ်ဆေးပညာပေးလျက်ရှိသည်။

 

ထိုသို့စစ်ဆေးရာတွင် ကတ်နှစ်ကတ် ကိုင်ဆောင်သူများ၊ အပြင်ထွက်ခွင့်ကတ်မရှိဘဲ သွားလာနေသူများ၊ ကုမ္ပဏီဝန်ထမ်းကတ်ဖြင့် သွားလာနေသူများကို တွေ့ရှိရသဖြင့် မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌမှ တစ်အိမ်ထဲ  နှစ်ယောက်မထွက်ရန်၊ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ အစုအဖွဲ့လိုက် စာတင်၍ အပြင်ထွက်ခွင့်ကတ်များ ပြုလုပ်ကြရန် လိုအပ်ကြောင်း ပညာပေးဆွေးနွေး၍ နောက်ရက်များတွင် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)