ရန်ကုန်၊ ၄  ဒီဇင်ဘာ

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလ အခြေခံ စားသောက်ကုန်များကို အများပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် မြို့နယ်များအတွင်းသို့ Mobile Market စျေးကားများဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် လှည့်လည်ရောင်းချ ပေးလျက်ရှိပြီး ဒီဇင်ဘာ ၄ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်သို့ အခြေခံ စားသောက်ကုန်ပစ္စည်းများကို စျေးကားများဖြင့် ဒုတိယအကြိမ်မြောက် ထပ်မံ၍လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

စျေးကားအစီအစဉ်ဖြင့် လာရောက်ရောင်းချရာတွင်လည်း ဟင်းသီးဟင်းရွက်များ၊ သားငါး၊ ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြားကုန်ခြောက်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး စျေးလာရောက်ဝယ်ယူသူများ အဆင်ပြေစေရေးအတွက်လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးသန့်ဇော်ဝင်းနှင့် မြို့နယ် စည်ပင်ဝန်ထမ်းသာယာရေးအဖွဲ့ ဝန်ထမ်းများက စီစဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

 

Mobile Market စျေးကားများဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာ လှည့်လည်ရောင်းချပေးခြင်း အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ညီနောင်အသင်းများမှ ပူးပေါင်းပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ လှည့်လည်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရပြီး မြို့နယ်တစ်မြို့နယ်လျှင် နှစ်ပတ်လျှင် တစ်ကြိမ်နှုန်း ဒေသတွင်းလိုအပ်သည့် အခြေခံစားသောက်ကုန်များကို လှည့်လည်ရောင်းချပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)