ပုလဲ၊ ၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် မုံသွင်ကျေးရွာ တောင်သူနည်းပညာ ပြန့်ပွားရေး စင်တာ၌ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူစီမံကိန်းအရ ဆောင်ရွက်ခဲ့သော တောင်သူလယ်သမား စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃ ရက်က ကျင်းပခဲ့သည်။
ရှေးဦစွာ ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးဝင်းက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစီမံကိန်းအက မုံသွင်ကျေးရွာ၊ တောင်သူနည်းပညာ ပြန့်ပွားရေးစင်တာ၌ ရာသီဥတုနှင် လိုက်လျောညီသော စပါးစိုက်ပျိုးထုတ်လုပ်ခြင်းအပေါ် စပါးသီးနှံရာသီ တစ်လျှောက် ပေါင်းစည်းသီးနှံ စီမံခန့်ခွဲမှု တောင်သူလယ်သမားပညာပေး သင်တန်းကျောင်းကို ဖွင့်လှစ်၍ တောင်သူလယ်သမား စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက မြို့နယ်ရုံးမှ စိုက်ပျိုးရေးပညာရှင်များက တောင်သူများအား စိုက်ပျိုးရေး ပညာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း၊ တောင်သူများ အနေဖြင့်လည်း မိမိတို့သင်ယူ တတ်မြောက်ခဲ့သော စိုက်ပျိုးရေးပညာရပ်များဖြင့် မိသားစုဘဝ ဖွံ့ဖြိုးတိုးတက်အောင်၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်လည်း ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးဝင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်သည်။
အဆိုပါ တောင်သူလယ်သမား စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ဇူလိုင် ၂၄ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားတောင်သူ ၂၅ ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)


