မန္တလေး၊   ၄     ဒီဇင်ဘာ

           

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဉပဒေဖြင့် ကာကွယ်ပေး (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေးဆွေးနွေးပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း၊ မန္တလေးခရိုင် ဉပဒေအထောက်အကူပေးရေး အဖွဲ့ဉက္ကဌ ဦးမောင်မောင်ဦး၊ မန္တလာရောင်စဉ်အဖွဲ့ စီမံကိန်းမန်နေဂျာ ဒေါ်နန်းစိုးမေနှင့် ဉပဒေအသိပညာမျှဝေရေးအဖွဲ့ စီမံကိန်းမန်နေဂျာ ဦးမျိုးအေးတို့ က ဦးဆောင် ဆွေးနွေးသည်။

 

“ဒီဆွေးနွေးပွဲကို (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အဖြစ်ကျင်းပတာပါ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်စေရန် ရည်ရွယ်ကျင်းပတာပါ၊ ကိုဗစ်ကာလမှာ အမျိုးသမီးများရဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးနှင့်အကြမ်းဖက်ခံရမှုများအား တဖက်တလမ်းများ အထောက်အကူဖြစ်စေရန် ဆွေးနွေးပွဲ ကျင်းပခြင်း ဖြစ်ပါတယ်” ဟု မန္တလာရောင်စဉ်အဖွဲ့ မှ စီမံကိန်းမန်နေဂျာ ဒေါ်နန်းစိုးမေ က ပြောကြားသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် အမျိုးသမီးများအားဉပဒေဖြင့် ကာကွယ်ပေးရေး၊ အမျိုးသမီးများ၏ဘဝနှင့် စပ်လျဉ်းပြီး ကိုယ်ပိုင်ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်များအား ပံ့ပိုးပေးခြင်းအပြင် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ နှင့်စိတ်ခံစားမှုဆိုင်ရာအခြေအနေများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရ၏ အခန်းကဏ္ဍနှင့်ကာကွယ်ခြင်း၊ တုန့်ပြန်ခြင်းများ အစရှိသော အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပြီး ဆွေးနွေးပွဲအား IPRD Mandalay District Facebook Page မှ တစ်ဆင့် အွန်လိုင်း စနစ်ဖြင့် ထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)