မင်းဘူး ၊ ၄  ဒီဇင်ဘာ    

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် စက်သုံးဆီတင်ယာဉ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာ  ၃  ရက် နံနက်ပိုင်းက သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

 

“ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်တာကြောင့် မီးလောင်မှုမဖြစ်ပွားစေရေးနဲ့ ပြည်သူများ မီဘေးအန္တရာယ် ကင်းဝေးစေဖို့အတွက် ဆီဆိုင်နဲ့ ဆီသယ်ယာဉ်တွေမှာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို စစ်ဆေးခဲ့တာပါ။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေနဲ့ မီးသတ်ဆေးဘူး ထားရှိစေရေး၊ အရည်အသွေး ပြည့်မီရေး၊ သက်တမ်းလွန် မီးသတ်ဆေးဘူးများ ရှိ/မရှိ၊ မီးငြှိမ်းသတ်ရေး စနစ်အနေနဲ့ ရေရယူ သုံးစွဲနိုင်ရန် ဂါလန် ၃၀၀၀ ဆံ့ အုတ်ရေလှောင်ကန်နဲ့ အမြင့်တင်ရေစင်များ တည်ဆောက်ထားရှိမှု ရှိ/မရှိ၊ ဆီသိုလှောင်ကန်များထားရှိ အသုံးပြုပုံစနစ်တွေနဲ့ လျှပ်စစ်မီးသုံးစွဲရာမှာ လုံခြံမှုရှိစေရေး စတာတွေကို လိုက်လံစစ်ဆေးခဲ့တာပါ ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းက ပြောသည်။

 

မြန်မာနိုင်ငံအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစ၍ နိုဝင်ဘာလ ၁၉ ရက်အထိ စက်သုံးဆီ အရောင်းဆိုင်နှင့် စက်သုံးဆီတင်ယာဉ်များမှ မီးလောင်မှု (၁၅)ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်(၆)လုံးနှင့် ဂိုဒေါင်(၂)လုံး မီးလောင်ခံရ၍ လူ(၂၃)ဦး ဒဏ်ရာရရှိကာ လူ(၂)ဦးနှင့် တိရစ္ဆာန် (၃)ကောင် တို့ သေဆုံးခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၁၃ ဒသမ ၃၃ သန်းခန့်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

 

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ပေါင်း (၁၉)ဆိုင်ရှိပြီး ယနေ့အထိ ဆီဆိုင် (၁၄)ဆိုင်နှင့် စက်သုံးဆီတင်ယာဉ် (၆)စီးတို့ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး ကျန်ရှိနေသော ဆီဆိုင်များကိုလည်း အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)