၄ ဒီဇင်ဘာ

 

ထိုင်းနိုင်ငံသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်လျှော့ချရေးဌာန( ဒီဒီပီအမ်) က ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုဖြစ်ပွားခဲ့ရာ လူကိုးဦးသေဆုံးပြီး အခြားတစ်ဦး ပျောက်ဆုံးနေကြောင်းနှင့် အိမ်ထောင်စုပေါင်း ၉၁၆၈၆ စု ရေဘေးသင့်ခဲ့သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

 

တော်ဝင်ထိုင်းစစ်တပ်မှဝန်ထမ်းများသည် ပြည်နယ်ခုနစ်ခုရှိ ရေဘေးသင့်သူများကို ပိုမိုမြင့်မားသောနေရာသို့ ရွှေ့ပြောင်းကူညီပေးကြသည်။

 

ဒီဒီပီအမ်နှင့် ဒေသန္တရအစိုးရများက ယင်းလူနေဒေသများမှ ရေများအားစုပ်ထုတ်ခြင်းနှင့် ရေဘေးသင့်သူများကို စားသောက်စရာများထုပ်ပိုးကာ အိမ်တိုင်ရာရောက် ကူညီပို့ဆောင်ပေးခဲ့ကြသည်။

 

အဆိုပါရေကြီးမှုကြောင့် ပျက်စီးသွားသော အလုပ်အကိုင်များ၊ အသက်မွေးဝမ်းကျောင်းမှုများ၊ နေအိမ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြေခံအဆောက်အအုံများကို ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ယူလုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

အထူးသဖြင့် ရေလွှမ်းမိုးသည့်ဒေသများတစ်လျှောက် ဖြတ်သန်းသွားမှုကို ရေကြီးမှုလျော့ကျသွားချိန်အထိ မီးရထားများပြေးဆွဲမှု ရပ်နားထားမည်ဖြစ်ကြောင်း မီးရထားဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို