ဟားခါး၊ ၄ ဒီဇင်ဘာ

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့  ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂၁)ဦး တက်ရောက်ကြပြီး အစည်းအဝေးကို အစီအစဉ်(၁၀)ခုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းက အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့သည့် ဟားခါးမြို့တွင်း ရေဖြန့်ဝေလိုင်းဆောင်ရွက်ခြင်း လုပ်ငန်းကို ပြည်နယ် အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက လွှတ်တော်ဒုတိယသက်တမ်းမကုန်မီ ပြီးစီးနိုင်ရေးအတွက် နေ့ရက်သတ်မှတ်ပြီး စီမံချက်ချမှတ် ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လျန်နှင့် ဦးကွီးထန်းတို့က ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြန်လည် ဆွေးနွေးကြကာ ယင်းအရေးကြီးအဆိုအား လွှတ်တော်က အတည်ပြုရန် လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲခွဲဆုံးဖြတ်ကြရာ အတည်ပြုရန်ထောက်ခံမဲများသည့်အတွက် အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌက ကြေညာသည်။

 

ထို့နောက် အစည်းအဝေးပထမနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း ကိုယ်စား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးပူထန်ဒိတ်ခုပ် တင်သွင်းသည့် ချင်းပြည်နယ်ကို ဩဂဲနစ်နည်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးများကို ဓာတုကင်းလွတ်ဇုံအဖြစ် ဖော်ဆောင်ပေးရန် ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းသော အဆိုနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထောင်းခိုမန်က ဆွေးနွေးပြီး ဆွေးနွေးချက်အပေါ် ပြည်နယ်စိုကိပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်က ပြန်လည်ရှင်းလင်း ဆွေးနွေးကာ အဆိုအား မှတ်တမ်းတင်ရန် ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းက အစည်းအဝေး ပထမနေ့တွင်  တင်သွင်းသည့် ချင်းပြည်နယ် ဘဏ္ဍာရန်ပုံငွေ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား မှတ်တမ်းတင်ရန် ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့် အတွက် မှတ်တမ်းတင်ကြောင်းကြေညာကာ အစည်းအဝေးကို မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)