မကွေး၊ ၄ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မကွေးဌာနခွဲရုံးတွင် ရှေးဟောင်းပစ္စည်းများ လာရောက်အပ်နှံသည့်သူများကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီက အဆိုပါရုံးခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မကွေးဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက အမှာစကားပြောကြားပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဦးက ရှေးဟောင်းပစ္စည်းများ ကာကွယ်ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဦးစီးအရာရှိ ဦးရဲလွင်က ရှေးဟောင်းသုတေသနဆိုင်ရာ ဥပဒေများအကြောင်းတို့ကို ရှင်းလင်းပြောကြားကာ ရှေးဟောင်းပစ္စည်းများ ဌာနသို့ အပ်နှံခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မကွေးဌာနခွဲအနေဖြင့် ဝန်ကြီးဌာန၏ မူဝါဒများအရ ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေဖော်ထုတ်ခြင်း၊ တူးဖော်သုတေသနပြုခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ အသိပညာပေးခြင်း နှင့် တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်လျက်ရှိပြီး မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့ပြနှင့် ကျေးလက်နေ ပြည်သူများကလည်း မိမိတို့ဒေသမှ စုဆောင်းရရှိထားသော ရှေးဟောင်းပစ္စည်းများကို တိုင်းဒေသကြီးဌာနခွဲရုံးသို့ လာရောက်၍ အပ်နှံလျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


