နေပြည်တော်၊ ၄  ဒီဇင်ဘာ

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားဆဲ ကာလဖြစ်သောကြောင့် သင်တန်းများနှင့် ပြိုင်ပွဲများကို လူကိုယ်တိုင် တွေ့ဆုံသင်ကြားမှုများအစား အွန်လိုင်းအသွင်ဖြင့် ပြောင်းလဲလုပ်ဆောင်လာ ကြသည့်အတွက် အာဆီယံဒေသအတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အရည်အသွေးမြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် ASEAN-JAPAN Cybersecurity Capacity Building Center (AJCCBC) ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော Cyber SEA Game ကို ယခုနှစ်တွင် “New Normal” ပုံစံဖြင့် ပထမအကြိမ် စတင်ကျင်းပခဲ့ကြောင်း Myanmar Computer Emergency Response Team – Mmcert မှ သိရသည်။

 

Cyber SEA GAME 2020 - ASEAN Cybersecurity Competition ကို ဂျပန်-အာဆီယံ ပူးပေါင်းရန်ပုံငွေ (JAIF-2.0) မှ ထောက်ပံ့ပေးထားပြီး ပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီခွဲမှ နေ့လယ် ၂ နာရီခွဲထိ ၅ နာရီကြာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲတွင် အာဆီယံ(၁၀)နိုင်ငံမှ ပြိုင်ပွဲဝင် (၄)ဦးစီ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Binary၊ Crypto၊ Forensic၊ Network၊ Misc၊ OS၊ Pwn၊ Reversing နှင့် Web မေးခွန်းများကို ဖြေဆိုယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအသင်းအနေဖြင့် Cyber SEA GAME 2015 တွင် အဆင့်(၈)၊ Cyber SEA GAME 2017 တွင် အဆင့် (၆)၊ Cyber SEA GAME 2018 တွင် အဆင့်(၆)၊ Cyber SEA GAME 2019 တွင် အဆင့်(၅) အသီးသီး ရရှိထားသည်။

 

ယခုနှစ် Cyber SEA GAME ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အသင်းအနေဖြင့် အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၂)များဖြစ်ကြသော ဒေါ်ပွင့်ဖုန်းဇော်၊ ဒေါ်မြတ်သဇင်မွန်၊ ဒေါ်ရွှေဝတ်ရည်နှင့် ဒေါ်မျိုးသီတာနွယ်တို့က ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

 MDN

Credit- Myanmar Computer Emergency Response Team – Mmcert