ချောင်းဦး၊ ၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ခင်မွန်စိုက်ပျိုးနည်းပညာပြန့်ပွား ရေးစင်တာ နယ်မြေအတွင်းရှိ ရန်အောင်မြေရပ်ကွက် တောင်သူ ဦးစိုးမိုး ကွင်းအမှတ် ၁၉၈၉ တွင် (KOPIA-DAR-DOA) ပူးပေါင်းသော DCT-1 အလားလာကောင်းသော ဂျုံမျိုး ငါးမျိုး စမ်းသပ်စိုက်ပျိုးခြင်းကို ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီခွဲက ကွင်းဆင်းဆောင်ရွက်သည်။
ဂျုံမျိုးများကို စမ်းသပ်စိုက်ပျိုးရသည့်ရည်ရွယ်ချက်မှာ ဒေသရေမြေရာသီဉတုနှင့်ကိုက်ညီမှု ရှိ/မရှိ သိရှိရန်၊ ၎င်းဂျုံမျိုးများမှ အထွက်နှုန်းမိတ်ဖက်လက္ခဏာများ ကောင်းမွန်သော မျိုးကောင်းများရရှိရန်၊ ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိသော အကောင်းဆုံးမျိုးများရရှိရန်၊ ဈေးကွက်ဝင်သော ဂျုံမျိုးများရရှိရန်နှင့် ဒေသခံတောင်သူ များ ဂျုံမျိုးယှဉ်ပြိုင်ကွက်ကို လေ့လာပြီး ရွေးချယ်စိုက်ပျိုးနိုင်ရန်အတွက် စမ်းသပ်စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ ယခု စမ်းသပ်စိုက်ပျိုးသည့် ဂျုံ ငါးမျိုးမှာ ဇလုပ် ဂျုံဖြူ- ၂ ၊ 13th HTWYT - 3 ၊ 13th HTWYT -46 ၊ 35th ESWYT- 19၊ 35th ESWYT - 50 ဂျုံမျိုးများဖြစ်ကြောင်း ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ပြောပြသည်။
ထို့နောက် တောင်သူများအား ဓာတုဆေးများလျှော့ချ၍ ကုန်ကျစရိတ်သက်သာပြီး အန္တရာယ်ကင်းရှင်းစေသော သဘာဝပိုးနှင်ဆေး၊ အားဆေး၊ မှိုသတ်ဆေးများ ပြုလုပ်သုံးစွဲရန်၊ လယ်ယာထွက်ကုန် စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာ၊ EM ဘိုကာရှီ၊ အမြန်သုံး စူပါဘိုကာရှီ၊ သစ်ရွက်စိမ်းမြေဩဇာများ ပြုလုပ်သုံးစွဲရန် ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေ တာ၀န်ခံ ဦးအောင်ဆွေဦးက ပညာပေးဆွေးနွေးသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်နည်းစနစ်မှန်ကန်စေရန် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး၊ မြေမျိုး ပိုးတာဝန်ခံများ၊ ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ တာဝန်ခံ နှင့် စိုက်ပျိုးပညာပေးအဖွဲ့များ၊ ရန်အောင်မြေရပ်ကွက် ဂျုံစိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။
အိအိအောင်(ချောင်းဦး)


