မန္တလေး၊ ၄ ဒီဇင်ဘာ    

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးများ တွေ့ဆုံ၍ မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများလာခြင်းကြောင့် ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာခြင်းကြောင့် မြို့နယ်(၇)မြို့နယ်တွင် Stay at Home ပုံစံဖြင့် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ နေထိုင်ရန် အသိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း၊ ပြည်သူများက လိုက်နာဆောင်ရွက်သွားရန်နှင့် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီနှင့် ပူးပေါင်းအဖွဲ့မှ ရွေ့လျားစနစ်ဖြင့်စစ်ဆေးကာ လိုက်နာမှုမရှိသူများအား တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားရေး ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသော ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးများက ပြည်သူလူထုသိရှိစေရန် အသိပေးကြေညာချက်တွင် ဖော်ပြပါရှိသော လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်း ညွှန်ကြားချက်များ သိရှိစေရေးဆောင်ရွက်မည့် အစီအမံများ၊ လိုက်နာမှုမရှိ သည့်သူများကို မြို့နယ်စီမံခန့်ခွဲရေး ကော်မတီနှင့် ပူးပေါင်းအဖွဲ့မှ ရွေ့လျားစနစ်ဖြင့်စစ်ဆေး၍ Social Punishment ဖြင့် ဆောင်ရွက်မည့် နည်းလမ်းများ၊ သတ်မှတ်ချိန်အတွင်း ဈေးများဖွင့်လှစ်ရေး ဆွေးနွေး ကြပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းမှာကြားကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)