မုံရွာ၊ ၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)စနစ်ဖြင့် စိုက်ပျိုးခဲ့သည့် နှမ်းသီးနှံများ စုပေါင်းရောင်းချမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပသည်။
နိုင်ငံခြားဈေးကွက်နှင့် တိုက်ရိုက်ချိတ်ဆက်ရောင်းချနိုင်ရန်၊ အလေးချိန် အချိန်အတွယ်များ ပွင့်လင်းမြင်သာ မှုရှိစေရန်၊ နိုင်ငံခြားသို့တင်ပို့ရောင်းချမည့် သီးနှံများတွင် ကန့်သတ်ချက်များကို တောင်သူများ သိရှိလိုက်နာ နိုင်ရန်၊ GAP စနစ်ဖြင့် စိုက်ပျိုးသောသီးနှံများ ကောင်းမွန်သော ဈေးကွက်တစ်ခု ရရှိစေရန် စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စုပေါင်းလုပ်အားအကူအညီပေးရေးအဖွဲ့(NAG)တို့ ပူးပေါင်း၍ ကျင်းပ ပေးခြင်းဖြစ်ကြောင်း သိရသည်။
“ဝက်လက်တို့ မြောင်တို့မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်တယ်။ တောင်သူတွေက နှမ်း စိုက်ပျိုးမှုက အရင်ထက်စာရင် ပိုပြီးတိုးတက်စိုက်ပျိုးလာတာရှိတယ်။ အရည်အသွေး လိုအပ်ချက်တွေက ရှိနေဆဲပဲ။ အဲဒီအတွက် စိုက်ပျိုးရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့အရည်အသွေးပိုင်းတွေ ပိုပြီး တိုးတက် ကောင်းမွန်လာစေဖို့ အဓိကကတော့ ဂျီအေပီနဲ့ တောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာနိုင်ဖို့ စိုက်ပျိုးလာပြီဆိုတာနဲ့ တောင်သူက နည်းပညာပိုင်းကို လိုက်လုပ်ရတာရှိတယ်။ ဈေးကွက်လည်း ကောင်းမွန်တဲ့ ဈေးကွက်ရရှိဖို့လိုတယ်။ အဲဒီအတွက် ကျွန်တော်တို့က နည်းပညာပိုင်းလည်း ပေးတယ်။ ဈေးကွက်နဲ့ လည်း ချိတ်ဆက်ပေးတာဖြစ်တယ်၊ အခုဆိုရင် ဒေသတွင်း ကုန်သည်တစ်ဖွဲ့က တောင်သူတွေရဲ့ နှမ်းတွေကို ဝန်ဆောင်မှုပေးပြီး တကယ့် အိတ်စပိုတာတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးမှာ ဖြစ်တယ်။ ရန်ကုန်၊ မန္တလေးကနေ တောင်သူတွေကို တိုက်ရိုက်ဈေးဖွင့်ပေးမှာဖြစ်ပြီး ဒီမှာ ဝယ်ယူမှုက တောင်သူကို ဝန်ဆောင်မှုပုံစံမျိုးနဲ့ လုပ်ပေးမှာပါ။ သူက ဈေးနှုန်းဖြတ်ပြီး ဝယ်မှာမျိုးမဟုတ်ဘူး။ အဲဒါကို အခု သဘောတူညီချက် လက်မှတ်ရေးထိုးတဲ့ အခမ်းအနားလေးပါ” ဟု စုပေါင်းလုပ်အားအကူအညီပေးရေး အဖွဲ့(NAG)မှ ပရိုဂရမ်မန်နေဂျာ ဦးစည်သူက ပြောပြသည်။
အခမ်းအနားတွင် စိုက်ပျိုးထုတ်လုပ်သည့် နှမ်းသီးနှံများတွင် အစိုဓာတ်ပါဝင်နှုန်း၊ ဖရီးဖက်တီးအက်စစ် ဓာတ်ပါဝင်နှုန်းတို့ကို စက်များဖြင့် စမ်းသပ်ကာ တောင်သူများကို တိုက်ရိုက်အသိပညာပေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်နှင့် မြောင်မြို့နယ်တွင် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)စနစ်ဖြင့် နှမ်းသီးနှံဧက ၆၀၀၀ ကျော်ကို စိုက်ပျိုးထားခဲ့သည့် တောင်သူများနှင့် နိုင်ငံခြားဈေးကွက်နှင့် တိုက်ရိုက်ချိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


