ရွှေကူ၊ ၄ ဒီဇင်ဘာ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် IDP စခန်းများရှိ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု များအား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်အထူးစီမံချက်ရုံးမှ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ IDP စခန်းများ၌ ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကချင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးချစ်ဖေနှင့် တာဝန်ရှိသူများက ရွှေကူမြို့နယ် IDP စခန်းများရှိ အိမ်ထောင်စု ၄၈ စုအား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၆၀၀၀၀၀ ကို နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်သော ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်အထူးစီမံချက်ရုံးမှ ရွှေကူမြို့နယ် IDP စခန်းများရှိ နေရပ်စွန့်ခွာ ပြောင်းရွှေ့ နေထိုင်သော အိမ်ထောင်စု ၄၈ စုအား ယခင်ကလည်း ပထမအကြိမ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခု ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)


