ဘားအံ၊   ၄   ဒီဇင်ဘာ

 

ကရင်ပြည်နယ် ဘားအံမြို့၏ ပတ်ဝန်ကျင် လေထု၊ ရေထု အရည်အသွေးများကို စစ်ဆေးတိုင်းတာသိရှိနိုင်ရန်နှင့် အခြေခံအချက်အလက်များ(Based Line Data)များကို မှတ်တမ်းတင်ထားရှိနိုင်ရန်အတွက် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထု၊ ရေထုအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းမှစ၍ စတင်ဆောင်ရွက်လျက်ရှိသည်။

 

နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဟန်ချက်ညီညီ ထည့်သွင်းပေါင်းစပ်နိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သယံဇာတ ပစ္စည်းများ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများအပြင် သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်လျက်ရှိသည့် ရေထု၊ မြေထု၊ လေထု အရည်အသွေးများကို စောင့်ကြပ်ကြည့်ရှု ထိန်းသိမ်းသည့်အပိုင်းလည်း ပါဝင်ပြီး မိမိတို့မြို့နယ်၏ လေထု၊ ရေထု အခြေအနေကိုသိရှိအောင် ဆောင်ရွက်ကာ ပြည်သူထုထုတို့၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ကြိုတင်အသိပေးခြင်းနှင့် ကာကွယ်မှုလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဒီဇင်ဘာ  ၄ ရက် နံနက်ပိုင်းက ဘားအံမြို့ မင်းတန်းလမ်းရှိ ဘားအံခရိုင် သစ်တောရုံး ရှေ့တွင် လေထုအရည်အသွေးကို Environmental Parameter Air Monitoring Station (EPAS) Haz-scannar စက်ဖြင့် လေထုထဲရှိ Parameter (၁၁)မျိုးကို တိုင်းတာစစ်ဆေးလျက်ရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပတ်ဝန်းကျင်လေထု အရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းကို နေရာလေးနေရာတွင် သုံးလလျှင် တစ်ကြိမ်၊ ခေါင်းတိုင်ထုတ်လွှတ် အခိုးအငွေ့ တိုင်းတာစစ်ဆေးခြင်းအနေဖြင့် Gas Analyzer – PG 350 စက်ကိုအသုံးပြု၍ Carbon Dioxide ၊ Nitrogen Oxide ၊ Carbon Monoxide ၊ Oxygen ၊ Sulphur Dioxide အစရှိသော Parameter များတိုင်းတာစစ်ဆေးခြင်းကို နေရာနှစ်နေရာတွင် တစ်လကိုတစ်ကြိမ် (ဘားအံမြို့ တစ်ဖက်ကမ်းရှိ တန် ၄၀၀၀ နှင့် တန် ၉၀၀ ဘိလပ်မြေစက်ရုံတို့၏ ခေါင်းတိုင်များမှထွက်ရှိလာသော အခိုးအငွေ့များကို တိုင်းတာစစ်ဆေးခြင်း) ဆောင်ရွက်သွားမည်ဖြစ်သည်။ ရေအရည်အသွေး တိုင်းတာ စစ်ဆေးခြင်းအနေဖြင့် Multi-Parameter Water Quality Monitor(U 54G) စက်ကိုအသုံးပြု၍ Dissolved Wxygen(DO)၊ Turbidity ၊ pH ၊ Salinity ၊ Conductivity ၊ Total Dissolved solid(TDS)၊ Water  Temperature ၊ Odidation Reduction Potential (ORP) ၊ Water Depth  အစရှိသည့် ရေထုထဲမှ Parameter များကို တိုင်းတာရန် အင်းရေ၊ တွင်းရေများကို နေရာလေးနေရာတွင် သုံးလတစ်ကြိမ်၊ သံလွင်မြစ်ရေကို နေရာ နှစ်နေရာတွင် တစ်လတစ်ကြိမ်၊  သောင်ရင်းမြစ်ရေကို သုံးလတစ်ကြိမ်၊ မြေအောက်ရေကို နေရာသုံးနေရာတွင် တစ်လလျှင် တစ်ကြိမ် စစ်ဆေးဆောင်ရွက် သွားမည်ကြောင်းနှင့် တိုင်းတာရရှိလာသော Data များကို AQI- Air Quality Index နှင့် နှိုင်းယှဉ်သုံးသပ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူလူထုများထံ တင်ပြပေး သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

 

မိမိတို့ပတ်ဝန်းကျင်တွင်ရှိသည့် လေထု၊ ရေထုထဲတွင် ပါဝင်သည့်ပစ္စည်းများကို သိရှိခြင်းအားဖြင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များကို ကြိုတင်ကာကွယ်သည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်လာရသည့် အရင်းအမြစ်ကို သိရှိနိုင်ကာ လျှော့ချနိုင်မည့်နည်းလမ်းများကိုလည်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)