နေပြည်တော်၊  ၄  ဒီဇင်ဘာ

မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး အစည်းအဝေးကို ဒီဇင်ဘာ  ၃  ရက်  ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ရေး ဆောင်ရွက်ရန် အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေဦးမည်ဖြစ်သည့်အတွက် ကမ္ဘာသူကမ္ဘာသားများအားလုံး လူနေမှုဘဝ ပုံစံသစ်ဖြင့်  စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ကာလလတ်နှင့် ကာလရှည် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတွင်လည်း စိုက်ပျိုးရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းဆောင်ရွက်မည့် ပန်းတိုင်နှင့် မဟာဗျူဟာ လုပ်ငန်းစဉ်များနှင့်အညီ နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှု လျော့နည်းစေပြီး ကာလတိုနှင့် ရေရှည် တုံ့ပြန်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အားကောင်းလာစေရန် သက်ဆိုင်ရာ ဌာနများက စီမံကိန်းများ၊ စီမံချက်များ စနစ်တကျချမှတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး အစည်းအဝေးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ စီးပွားရေးထူထောင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးခြင်း၊ တောင်သူဝင်ငွေ တိုးတက်ရေးနှင့် ရေရှည်တည်တံ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲ စီမံကိန်းများ၏ ဘဏ္ဍာငွေအရင်းအမြစ်၊ ပြည်ပအကူအညီများအား အကျိုးရှိထိရောက်စွာ သုံးစွဲဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

 

ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်မှာကြားရာ၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လယ်ယာ ကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံ၌ အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့နေရမှုကို အခွင့်အလမ်းများအဖြစ် ရယူဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စားနပ်ရိက္ခာနှင့်အာဟာရဖူလုံမှု မရှိသေးသည့် နိုင်ငံများအတွက် စားနပ်ရိက္ခာ ထုတ်လုပ်မှုနှင့် တင်ပို့မှုမြှင့်တင်နိုင်မည့် အခွင့်အလမ်းများ ရှိနေကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုတွင် ကြုံတွေ့နိုင်သည့် ပိုးမွှားရောဂါ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ ဒေသရေမြေနှင့် ကိုက်ညီမည့် သီးနှံပုံစံများ ချမှတ်ဆောင်ရွက်ရေးလုပ်ငန်းများ အပါအဝင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ဆက်စပ်ဌာနများ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)