၄ ဒီဇင်ဘာ
ယခုဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိထားပြီး ယခင်နှစ် ကာလတူ နှိုင်းယှဉ်ပါက သန်း ၈၀၀ ကျော် လျော့နည်းကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) ၏ စာရင်းများအရ သိရသည်။
လက်ရှိ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၉၉ ဒဿမ ၇၅၆ သန်း ရရှိထားသည်။
ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကာလတူတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၉ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၀၂၇ ဒဿမ ၀၁၃ သန်း ရရှိခဲ့သည်။
ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ပြီးခဲ့သည့်နှစ် ကာလတူထက် လုပ်ငန်း ၂၅ ခု လျော့နည်းခဲ့သည့်အပြင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာလည်း ငါးပုံတစ်ပုံသာ ဝင်ရောက်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။
“မနှစ်က ကျွန်တော်တို့ ဒီအချိန်မှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရရှိပြီးဖြစ်ပါတယ်။ အခု ဒီနှစ် မှာတော့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်ဆိုတော့ မနှစ်ကထက် ငါးပုံတစ်ပုံပဲ ဝင်ပါသေးတယ်” ဟု ဦးသန့်စင်လွင် က ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒဿမ ၈ ဘီလီယံ မျှော်မှန်းထားသည်။
ငြိမ်းငြိမ်း


