ဆီဆိုင်၊ ၄  ဒီဇင်ဘာ     

ကျေးလက်နေ တိုင်းရင်းသားများ ရာသီမရွေး စိုက်ပျိုးရေ လုံလောက်စွာ ရယူသုံးစွဲနိုင်ရေးအတွက် ရှမ်းပြည်နယ်( တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စုအတွင်းရှိ ဘန့်ဗွီးချောင်းကို အခြေခံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် နောင်အယ်ရေလွှဲဆည်(ကျောင်းချယ်) တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာ တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိများဖြစ်သည့် ဦးခွန်စိန်မင်း၊ ဦးအောင်ရဲထွန်း၊ ဘန်းယဉ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းစံထူး၊ ဘန့်ဗွီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ခင်အောင်တို့သည်  ဒေသခံပြည်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာ အနောက်မြောက်ဘက်တွင် ဘန့်ဗွီးချောင်းကို အခြေခံ၍ အလျားပေ ၁၀၀၊ အနံ ၄၅ ပေ၊ အမြင့် ၁၀ ပေရှိ နောင်အယ်ရေလွှဲဆည်(ကျောင်းချယ်) တည်ဆောက်ခြင်း လုပ်ငန်းနှင့် အရှည်ပေ ၃၀၀၊ အကျယ် ၇၅ ပေ၊ အမြင့် ၈ ပေရှိ ရေဝပ်ဧရိယာ တူးဖော်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၅၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျောင်းချယ်ကျေးရွာ၊ ဘန်းယဉ်ကျေးရွာ၊ နောင်အယ်ကျေးရွာ၊ တိကလိုင်ကျေးရွာနှင့် ဟိုတင့်ကျေးရွာတို့တွင် အိမ်ခြေ ၅၃၀၊ လူဦးရေ ၂၅၀၀ အတွက် တောင်သူအကျိုးပြု လယ်မြေဧက ၁၅၀၀ ရှိကြောင်း သိရသည်။ 

နောင်အယ်ရေလွှဲဆည်(ကျောင်းချယ်) တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာ တူးဖော်ခြင်းလုပ်ငန်းများကို တစ်ပတ်အတွင်း လုပ်ငန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသော ဆည်ရေသောက်စနစ်ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲထွန်းထံမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)