နေပြည်တော်၊ ၄ ဒီဇင်ဘာ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ( Research Advisory Committee) ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင်  Virtual Meeting ဖြင့် ကျင်းပသည်။

အစည်းအဝေး၌ သုတေသနအကြံပေးကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသန ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးပါကြောင်း၊ သုတေသနသည် အသိပညာကို ပိုမိုကျယ်ပြန့်စေပါကြောင်း၊ အတွေးသစ် အမြင်သစ်များကို ရရှိစေပါကြောင်း၊ နောက်ဆုံးနည်းပညာဆိုင်ရာ အချက်အလက်များကို  ပံ့ပိုးပေးနိုင်ပါကြောင်း၊ ပြဿနာ/အခက်အခဲများဖြေရှင်းမှုကို အထောက်အကူပြုစေနိုင်ပါကြောင်း၊  နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍ အပါအဝင် ကဏ္ဍစုံ၊ ဘက်စုံဖွံဖြိုးတိုးတက်ရန် အတွက် သုတေသနဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးရန် လိုမည်ဖြစ်ပါကြောင်း။ 

ထို့အပြင် မြန်မာ့သစ်တောမူဝါဒမှာ သစ်တောထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန လုပ်ငန်းသည် အရေးကြီးသည့်အခန်းကဏ္ဍကပါဝင်မှုကို အသိအမှတ်ပြုရေးနှင့် သစ်တောသုတေသနဌာနကို သီးသန့်သုတေသီဝန်ထမ်းများနှင့် လွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုအဖြစ် တာဝန်ပေးအပ်ဆောင်ရွက်ရေး တို့ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတာတွေ့ရပါကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနများနှင့် စပ်လျဉ်းပြီး  မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ(၂၀၁၉)၏ အခြေခံမူများတွင်  ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်သွားရန်ဖော်ပြထားပြီး ဖြစ်ပါကြောင်း။ 

ထို့ကြောင့် သုတေသနလုပ်ငန်းများသည် ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် အဖွဲ့အစည်းဆိုင်ရာ ခိုင်မာတောင့်တင်းရေး၊ အရည်အသွေးပြည့်မီသည့် သုတေသီအင်အား လုံလောက်ရေး၊ သုတေသီများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သုတေသန ရန်ပုံငွေလုံလောက်စွာရရှိစေရေးတို့ကို အလေးထားစဉ်းစားပြီး ဖြည့်ဆည်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ လိုအပ်ချက် ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်ရန်လိုပါကြောင်း  လေ့လာတွေ့ရှိချက်၊ အကြံပြုချက်များအပေါ် အခြေခံပြီး သုတေသနလုပ်ငန်း အစီအစဉ်များရေးဆွဲကာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သလို၊ လိုအပ်လျင် ပြည်တွင်း၊ ပြင်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုပါကြောင်း။

မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍများသည်  နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပါ ကြောင်း၊ ထိုကဏ္ဍတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောရေးရာ၊ သတ္တုရေးရာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရာ မူဝါဒလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများကို အထောက်အကူဖြစ်စေမည့်၊  အရည်အသွေးပြည့်မီသည့် အသုံးချသုတေသနများ ပေါ်ထွက်လာရန် အလွန်လိုအပ်ပါကြောင်းနှင့် သုတေသန အကြံပေး ကော်မတီဝင်အားလုံးအနေဖြင့် မိမိတို့ဝန်ကြီးဌာနအောက်ရှိ ကဏ္ဍအလိုက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလို ကြောင်းပြောကြားသည်။

အစည်းအဝေးသို့ သုတေသနအကြံပေးကော်မတီအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ပါမောက္ခချုပ်နှင့် ညွှန်ကြားရေးမှူးများက Online စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်