မြစ်ကြီးနား၊   ၅  ဒီဇင်ဘာ

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားခရိုင်၊  မိုးညှင်းခရိုင်၊  ဗန်းမော်ခရိုင်နှင့် ပူတာအိုခရိုင်များတွင် မူးယစ်ဆေးဖြတ်သူ အင်အား (၉၅၀၀) ကျော်အား မက်သဒုံး တိုက်ကျွေးရေးစင်တာ (၂၄)ခုတွင် ဆေးတိုက်ကျွေးလျက်ရှိကြောင်း မြစ်ကြီးနားမြို့ မူးယစ်ဆေးစွဲရောဂါကု ဆေးရုံအုပ် ဒေါက်တာကျော်စိုးလင်းထံမှ သိရသည်။

 

“မူးယစ်ဆေးဖြတ်လူနာတွေကို မက်သဒုံးတိုက်ကျွေးရာမှာ လတ်တလော တိုက်ကျွေးရေးစင်တာ (၂၄)ခု ဖွင့်လှစ်ပြီး တိုက်ကျွေးနေတာ ဖြစ်ပါတယ်။ အင်အား(၉၅၀၀)ကျော် မက်သဒုံးသောက်သုံးနေတာပါ။ ထပ်မံပြီး မက်သဒုံးတိုက်ကျွေးရေးစင်တာ(၄)ခု တိုးချဲ့ဖွင့်လှစ်ဖို့ရှိပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ Covid-19 ရောဂါကြောင့် မက်သဒုံးသောက်သုံးရာမှာ လူစုလူဝေးမဖြစ်ရအောင် ကြိုတင်ထုတ်ပေး(ပါဆယ်) စနစ်နဲ့ ဆောင်ရွက်ပေးထားပါတယ်။ မြစ်ကြီးနားမှာသောက်သုံးသူ အင်အား(၁၀၀၀)ခန့်ရှိပါတယ်ဟု ဒေါက်တာကျော်စိုးလင်းက  ပြောကြားသည်။

 

မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဖြတ်လိုသည့်သူများ ဆေးရုံတက်ရောက်ဆေးဖြတ်ခြင်းကို လတ်တလောဖြစ်ပွား နေသည့် Covid-19 ရောဂါကြောင့် ကချင်ပြည်နယ်အတွင်း လော့ဒေါင်းချထားသည့် မြို့များမှ လာရောက်ခြင်းကို ကန့်သတ်ထားရှိပြီး မက်သဒုံးဆေးရေ ကြိုတင်ထုတ်ပေး (ပါဆယ်) စနစ်တွင်လည်း ဆေးသောက်ချိန်မှန်ကန်ရေး၊ ဆေးအချိန်အတွယ်မှန်ကန်ရေးတို့ အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)