တနိုင်း၊ ၅ ဒီဇင်ဘာ      

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း ပထမဆုံး Covid-19 ပိုးတွေ့ရှိခဲ့သည့် အမျိုးသားလူနာမှာ ကျန်းမာရေး ကောင်းမွန်လာပြီဖြစ်သဖြင့် ဒီဇင်ဘာ ၄ ရက်က ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်း တနိုင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ပိုးတွေ့လူနာမှာ ရန်ကုန်တိုင်းဒေသကြီးမှ တနိုင်းမြို့သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်က တနိုင်းမြို့ မနောကွင်း Quarantine စင်တာတွင် ရောက်ရှိကန့်သတ်ထားရှိသူဖြစ်ကာ RDT Test Kid ဖြင့် Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာမှ ရောဂါပိုး တွေ့ရှိခဲ့ခြင်းကြောင့် တနိုင်းမြို့ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားခြင်းဖြစ်သည်။ ယခုအခါ ကျန်းမာရေးကောင်းမွန်လာခြင်းကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

 

ပိုးတွေ့ရဲတပ်ဖွဲ့ဝင်အား ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သော်လည်း ရဲတပ်ဖွဲ့စခန်းတွင် မည်သည့်တာဝန်မှ ထမ်းဆောင်ခွင့် မပေးသေးပဲ ၎င်းနေအိမ်တွင် Home Quarantine အဖြစ် ရက်သတ္တပတ်ကြာ ဆက်လက်နေထိုင်သွားရမည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်း မြို့နယ်(၈)ခု တွင် ဒီဇင်ဘာ ၄ ရက်အထိ ပိုးတွေ့လူနာ (၂၇၄)ဦး ဖြစ်ခဲ့ကာ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၇၃)ဦး ဖြစ်ခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူ (၁၀၁)ဦး ကျန်ရှိသေးကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)