ပုသိမ်၊ ၅ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာ  ၄  ရက် မွန်းလွဲပိုင်းက ကျောင်းကုန်းမြို့နယ် လှေဒါးချောင်ကျေးရွာ ကွင်းအမှတ်(၄၂၅-က) ဦးပိုင်အမှတ်(၃၃/၄) တောင်သူ ဦးမြင့်အောင်၏ လယ်မြေတွင် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် နွေစပါးရာသီ မျိုးစေ့ထုတ်စိုက်ကွင်း စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

 

တောင်သူများနှင့်တွေ့ဆုံရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် လယ်ယာကဏ္ဍကို အခြေခံသော တိုင်းဒေသကြီးဖြစ်သောကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ စပါးကျီဖြစ်၍ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ အရည်အသွေးကောင်း စပါးများ စိုက်ပျိုးထုတ်လုပ်နိုင်မှသာလျှင် ဈေးကောင်းရရှိပြီးတောင်သူများ ဝင်ငွေတိုးတက်မှာဖြစ်ပါကြောင်း၊ အရည်အသွေးကောင်းစပါးများ ထုတ်လုပ်နိုင်ရန် မျိုးကောင်းမျိုးသန့်စပါးများ သုံးစွဲရန်အဓိက လိုအပ်ပါကြောင်း၊ ဆန်စက်များအား ဘယ်လောက်ပင်အဆင့်မြင့်အောင် ဆောင်ရွက်ထားပါစေ အရည်အသွေးမကောင်းသော စပါးများကိုကြိတ်ခွဲပါက အရည်အသွေးကောင်းဆန် မရရှိနိုင်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စပါးမျိုးစေ့ထုတ်လုပ်ငန်းသည် အရေးကြီးသော ကဏ္ဍဖြစ်ပါကြောင်း၊ မြို့နယ်များအတွင်း မျိုးစေ့ထုတ်တောင်သူများပူးပေါင်း၍ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ်များ ပီပြင်စွာ အကောင်အထည်ဖော်နိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းကုန်းမြို့နယ်သည် မိုးများသောဒေသဖြစ်၍ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေချဉ်ငံကိန်း(pH)နိမ့်သော လယ်များတွင် ထုံးထည့်သွင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဒေသအတွင်း ပိုက်ဆံလျှော် သစ်စိမ်း မြေဩဇာအား သုံးစွဲလျက်ရှိရာ ပိုမိုတိုးတက်သုံးစွဲသွားရန်လိုအပ်ပါကြောင်း၊ မြို့နယ်အတွင်း အမှိုက် အဖြစ်စုပုံနေသော စပါးခွံများအားမြေဆွေးပြုလုပ်၍ ပြန်လည်အသုံးချစေလိုကြောင်း၊ မိမိတာဝန် စတင် ထမ်းဆောင်ချိန်မှစပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အကျယ်တဝင့် မှာကြားသည်။

 

ထို့နောက် တက်ရောက်လာသော တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီး  တောင်သူ  ဦးမြင့်အောင်၏ လယ်မြေတွင် ဆင်းသုခမျိုးစပါးဖြင့် ၂၀၂၀ ပြည့်နှစ် နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးစပါးစိုက်ပျိုးနေမှု ကြည့်ရှုသည်။ စိုက်ပျိုးလျက်ရှိသော ကောက်စိုက်လုံမေများကို အားပေးခဲ့ပြီး မုန့်နှင့်အချိုရည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)