ပဲခူး၊ ၅ ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက Online Meeting စနစ်ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆပ်ကော်မတီ(၁၀)ခုကိုလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ရေကြီး၊ မီးလောင်၊ မိုးခေါင်၊ လေပြင်း၊ ကမ်းပြို စသည့် သဘာဝအလျောက်ဖြစ်သော ဘေးနှင့် လူကြောင့်ဖြစ်သော ဘေးဟူ၍ ဘေးအန္တရာယ်(၂)မျိုးရှိကြောင်း၊ အထူးသဖြင့် ကမ်းပြိုမှုကြောင့် လူနေအိမ်များ၊ လယ်ယာမြေများ ဆုံးရှုံးမှုများသာမက ကမ်းပြိုမှုကာကွယ်ရေး လုပ်ငန်းစဉ်များ သည်လည်း ကုန်ကျစရိတ် အလွန်များပြားကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်အထိ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် ယခုအခါ ကျေးရွာအများစုတွင် လျှပ်စစ်မီးလင်းနေပြီဖြစ်၍ အဆိုပါကျေးရွာများသို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သဘာဝဘေးအန္တရာယ် ကာကွယ်ခြင်းနှင့်ပတ်သက်၍ နှစ်ရှည်/နှစ်တို စီမံချက်များရေးဆွဲ၍ ဦးစားပေးကဏ္ဍအလိုက် ဘတ်ဂျက်ရေးဆွဲထားရန်၊ ရှာဖွေ ကယ်ဆယ်ရေးအတွက် မြို့နယ်အလိုက် မီးသတ်စခန်းများအတွက် Chain Saw များ ဝယ်ပေးနိုင်ရန်၊ ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ကျေးလက်သစ်သား တံတားများတွင် မီးတားလမ်းများ ကြိုတင်ဆောင်ရွက်ထားရန်၊ Covid-19 အပါအဝင် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်ပတ်သက်၍ အသိပညာပေးခြင်းများ ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်အထိ ဆောင်ရွက်ရန်၊ စစ်တောင်းမြစ်ဝ ကမ်းပြို ကာကွယ်နိုင်ရေး ဒီရေတောများ ပြန်လည်စိုက်ပျိုးသွားရန်တို့အား တင်ပြဆွေးနွေးခဲ့သည်။

 

ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့သည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်  အောက်တိုဘာလ ၁  ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်အထိ မီးဘေး (၈၆)ခု၊ ရေဘေး (၅၄)ခု၊ လေဘေး (၁၉၇) ခု၊ ကမ်းပြိုဘေး (၅၁)ခု၊  မိုးကြိုးဘေး( ၂၇) ခု၊ အခြားဘေး (၅) ခု စုစုပေါင်း သဘာဝဘေး အကြိမ် (၄၂၀) ဖြစ်ပွားခဲ့ပြီး ထောက်ပံ့ငွေကျပ် သိန်း ၃၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)