ကျောက်ပန်းတောင်း၊ ၅ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ မြို့မရပ်ကွက်ရှိ ဝါးခယ်မဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကုဋီအိမ်မြေကျင်းတူးရာမှ ဒုတိယကမ္ဘာစစ်လက်ကျန်ဟုယူဆရသည့် ဗုံးဟောင်းတစ်လုံး၊ ဒီဇင်ဘာ ၅ ရက်နေ့ နံနက် ၇ နာရီခွဲက တွေ့ရှိခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ ဝါးခယ်မဘုန်း တော်ကြီးကျောင်းဝန်းအတွင်း ကုဋီအိမ်ဆောက်လုပ်ရန် အတွက် အကျယ် ၇ ပေပတ်လည်ရှိမြေကျင်းတူးရာမှ၊ အနက်ပေ (၅)ပေခန့်အရောက်တွင် ဒုတိယကမ္ဘာစစ်လက်ကျန်ဟု ယူဆရသည့် လုံးပတ်(၂)ပေခန့်၊ အရှည်(၃)ပေကျော်ခန့်ရှိဗုံးသီး ဟောင်းတစ်လုံးတွေ့ရှိရသဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံအကြောင်းကြားခဲ့ရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် မြို့နယ်ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်နယ်တို့ထံ ဆက်သွယ်အကြောင်းကြားခဲ့ရာ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းလှိုင် ၊ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ်မင်းသက်မွန်နှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ ထုတ်ဖော်သိမ်းဆည်းသွားနိုင်ရန်အတွက် သက်ဆိုရာ အင်ဂျင်နီယာတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


