မြို့သစ်၊ ၅ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျေးရွာအုပ်စု (၅၂)အုပ်စုအနက် ကျေးရွာပေါင်း (၁၈၀)ရွာ ရှိပါသည်။ ၎င်းကျေးရွာများအား မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်မီးရရှိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကျေးရွာ (၂၄)ရွာ၊ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံချက် (NEP) အစီအစဉ်ဖြင့် ကျေးရွာ (၄၂) ရွာ စုစုပေါင်း ကျေးရွာ(၆၆)ရွာအား လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

မြို့နယ်လျှပ်စစ်ရုံးအနေဖြင့်  ကျန်ရှိသည့် ကျေးရွာများအား   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ကျေးရွာ(၃၇)၊ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် (NEP) အစီအစဉ်ဖြင့် ကျေးရွာ(၁၂)ရွာ စုစုပေါင်းကျေးရွာ (၄၉)ရွာတို့အား လျှပ်စစ်မီးရရှိအောင် ထပ်မံဆောင်ရွက်ပေးနိုင်ရန် လျာထားပြီးဖြစ်ကြောင်းလည်း သိရသည်။

 

သို့ဖြစ်ပါ၍ မြို့သစ်မြို့နယ်အနေဖြင့် ကျေးရွာ (၁၈၀) ရွာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း (၃၄)ရွာ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း (၆၆)ရွာ စုစုပေါင်း ကျေးရွာ (၁၀၀) ရွာ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာ (၈၀) ရွာအား လျာထားချက်နှင့်အညီ လျှပ်စစ်မီးရရှိရေး အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးမြတ်ကိုကို ထံမှ သိရသည်။

မြင့်မြင့်ထွေး (ပြန်/ဆက်)