လဲချား၊  ၅  ဒီဇင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign နှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်တွင် မြို့မစျေးနှင့် ပျံကျစျေးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇင်မောင်နွယ်မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ နေအိမ်ပြင်ပ ထွက်ခွာရာတွင် နှာခေါင်းစည်း Mask များ တပ်ဆင်စေရန် အသိပညာပေးခြင်း၊ စျေးရောင်းသူ စျေးသည်များ၊ ပြည်သူများအား နှာခေါင်းစည်း Mask  (၁၀၀၀)ခု၊ Face Shield (၁၀၀)ခုတို့အား  ပေးဝေခဲ့သည်။

 

လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုမှ ကာကွယ်ရေး နည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)