ပူတာအို၊   ၅   ဒီဇင်ဘာ

ကချင်ပြည်နယ် ပူတာအိုခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ပြည်သူများအိမ်တွင်နေထိုင်ရင်း Exercise လှုပ်ရှားနိုင်ရန်အတွက် Online တစ်ဦးချင်း ကြံ့ခိုင် စွမ်းရည်ပြိုင်ပွဲကို ဒီဇင်ဘာ ၄  ရက်မှစတင်၍ အားကစားနည်းသုံးမျိုးဖြင့်  ယှဉ်ပြိုင်နေပြီဖြစ်ကြောင်း သိရသည်။

 

“ကိုဗစ်-၁၉ ကာလအတွင်းမှာ ပြည်သူတွေ အိမ်မှာနေပြီးတော့ Exercise လှုပ်ရှား နိုင်ဖို့အတွက် ရည်ရွယ် ကျင်းပရတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကျင်းပပေးခြင်းဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ ဆီးချိုသွေးချိုတွေ ကိုလည်း လျှော့ချပေးပါတယ်။ တစ်နေကုန် ပေါ့ပါးလန်းဆန်း တက်ကြွစေပါတယ်။ ဒီပြိုင်ပွဲမှာ အားကစားနည်း (၃)မျိုးကို ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းအတိုင်း ပါ၀င်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အသက်အရွယ်မရွေး ပါ၀င်ယှဉ်ပြိုင်နိုင်တဲ့ အားကစားဖြစ်တဲ့အတွက် ပြည်သူများ ပါ၀င်ယှဉ်ပြိုင်ဖို့လည်း ဖိတ်ခေါ်ပါတယ်ဟု ပူတာအိုခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်အားကာမှူး ဒေါ်ခင်မိုးသဲက ပြောသည်။

 

ပြိုင်ပွဲတွင် ပြိုင်ပွဲသတ်မှတ်ချိန်(၂)မိနစ်အတွင်း တစ်ဦးချင်းဒိုက်ထိုးခြင်း(Push-p) အားကစားအမျိုးအစားကို ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ လည်းကောင်း၊ ပြိုင်ပွဲသတ်မှတ်ချိန် ၂ မိနစ်အတွင်း တစ်ဦးချင်း အိပ်ထမတင် (Sit-Up) အားကစားအမျိုးအစားကို ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိလည်းကောင်း၊ ပြိုင်ပွဲသတ်မှတ်ချိန် ၁ မိနစ်အတွင်း လေထီးခုန် (Burped) အားကစားအမျိုးအစားကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ သတ်မှတ်ရက် အားကစားနည်း အမျိုးအစားအလိုက် ပါ၀င်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲ၀င်များအနေဖြင့် ပြိုင်ပွဲ၀င် ဗွီဒီယိုကလစ်များကို ပူတာအိုခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန Facebook Page ကို Tag တွဲယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပူတာအိုခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ပြိုင်ပွဲတွင်ဆုရရှိသူများအား ပထမဆုကို ဆုငွေကျပ် ၇၀၀၀၀၊ ဒုတိယဆုကို ဆုငွေကျပ် ၅၀၀၀၀၊ တတိယဆုကို ဆုငွေကျပ် ၃၀၀၀၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အထူးဆု (၂)ဆုကို ဆုငွေကျပ် ၁၀၀၀၀ စီ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)