လွိုင်ကော်၊ ၅  ဒီဇင်ဘာ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူ ကျေးရွာအတွင်းရှိ အထကခွဲ ကျောင်းဝန်းထဲက ယာယီကုန်တင်ယာဉ် ရပ်နားစခန်းကို  စာသင်ကျောင်းဖြစ်နေပြီး၊ ရွာထဲမှာကပ်နေတာကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့မှာ လွိုင်ကော်သစ်ဆိပ်သို့ ရွှေ့ပြောင်းထားတယ်လို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန လွိုင်ကော်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦး၀င်းကိုကိုက ပြောသည်။

 

လွိုင်ကော်သစ်ဆိပ်သို့ ရွှေ့ပြောင်းလိုက်တဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းမှာ ၁၀ ပေပတ်လည်အကျယ်ရှိတဲ့ နှစ်ယောက်တစ်ခန်း ၂၄ ခန်းပါတဲ့ အဆောင် (၃)ဆောင် အခန်းပေါင်း ၇၂ ခန်းပြင်ဆင်ထားပြီး လက်ဆေးဘေစင်၊ အိမ်သာ၊ ရေချိုးခန်းနဲ့ မီးအားသွင်းဖို့ အတွက်လည်း အသင့်ပြင်ဆင်ထားကြောင်း  ယခုလိုနေရာအသစ်မှာ ရွှေ့ပြောင်း လိုက်တာကြောင့် အစားအသောက်အတွက် အဆင်ပြေစေဖို့ သစ်ဆိပ်အပြင်ဘက်မှ စားသောက်ဆိုင် တစ်ဆိုင်ထားရှိကာ ဖုန်းဆက်မှာယူဖို့ စီစဉ်ထားကြောင်း ဝါရီကောခူကျေးရွာရှိ အ.ထ.ကခွဲ ကျောင်းဝန်းကို ယာယီကုန်တင်ယာဉ်ရပ် နားစခန်းအဖြစ်အသုံးပြုခဲ့တာကြောင့် ပျက်စီးမှု တချို့ရှိခဲ့တဲ့အတွက် မူလအနေအထား အတိုင်း ပြန်လည်ပြုပြင် ပေးသွားမှာဖြစ်ကြောင်း လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဒုတိယအုပ်ချုပ်ရေးမှူး ဦး၀င်းကိုကို က ပြောသည်။

 

“ဟိုဘက်မှာ လိုတဲ့ပုံစံအတိုင်းတော့ ဆောက်ထားတယ်။ နေရေးထိုင်ရေးကြတော့ ဟိုမှာတော့ ကုတင်တွေ ဘာတွေနဲ့တော့ ရှိတယ်။ ဒီမှာလည်းလုပ်ပေးတယ် အကာအရံတွေ အမိုးတွေနဲ့လုပ်ပေးမှာပါ။ နောက်နေရင်း ထိုင်ရင်းနဲ့ကျမှ သူတို့အခက်အခဲ သူတို့ပေါ်လာလိမ့်မယ်။ ကားသမားတစ်ယောက်က အလွန်ဆုံးနေရတာ သုံးရက်ပဲ။ ခဏတဖြုတ်နေတဲ့ ပုံစံမျိုးပဲဖြစ်မယ်။ ဟိုတယ်လိုမျိုးတော့ ကျွန်တော်တို့ အစိုးရလည်း မတတ်နိုင်ဘူးလေ။ အဆောင်တွေရှေ့မှာ ၆၆၀ လီတာပုံး (၂)ပုံးစီထားရှိတယ် အားလုံး (၁၀) ပုံးရှိတယ်။ ။ (၁) ပတ်နှစ်ကြိမ် အမှိုက်သိမ်းတယ်။ ကားသမားတွေ အနေနဲ့ အမှိုက်ပစ်ရာမှာ လိုက်နာမှုအားနည်းတယ်" လို့ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းထွန်းက ပြောသည်။

 

ကားသမားတွေကလည်း အမှိုက်စွန့်ပစ်ရာမှာ အားနည်းချက်တွေ ရှိနေတယ်။ (၆၆၀)လီတာ ဝင်ဆံ့တဲ့ အမှိုက်ပုံးတွေကို အဆောင်ရှေ့တွေမှာထားထားပေးတယ်။ ဒါပေမဲ့ အမှိုက်ပုံးထဲမပစ်ဘဲ စည်းကမ်းမဲ့ ပစ်နေကြတယ်လို့ ဦးသန်းထွန်းက ပြောသည်။

 

ကယားပြည်နယ်ရှိ ယာယီကုန်တင် ယာဉ်ရပ်နားစခန်းတွင် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ရေအရင်းအမြစ်မှ အဝီစိတူးရန်လည်း စီစဉ်ဆောင်ရွက်ထားပြီး ကယားပြည်နယ်သို့ ပီကင်းကောခူဂိတ်၊ ဆောင်ကန်းဂိတ်၊ ထီးစဲခါးဂိတ် (၃)နေရာတွင် အ၀င်အထွက်ပေါက် ထားရှိပေးခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေးမှ ပြေးဆွဲနေသော ကုန်တင်ယာဉ်များမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

ကိုစိုင်း (လွိုင်ကော်)