ကျောင်းကုန်း၊ ၅ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၆၄)ဦးမြောက် ရဲတပ်သားသည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရဲတပ်သားသည် ကိုဗစ်-၁၉ အတည် ပြုလူနာများထားရာ Plan C ယာယီဆေးရုံအဖြစ် အသုံးပြုသော အိုးအိမ်ဝန်ထမ်းအိမ်ရာ၌ လုံခြုံရေးတာဝန် ဆောင်ရွက်နေစဉ် အနံ့မရတော့သဖြင့် စမ်းသပ်စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ယနေ့တွင် ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံဆင်းခွင့်ရရှိကာ နေအိမ်၌ H Q (၇)ရက်ဆက်လက် နေထိုင်သွားမည်ဖြစ်သည်။ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၆၄)ဦးစလုံး ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ရာ အားလုံးကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်း၊ ကျောင်းကုန်းမြို့တွင်သေဆုံးသူ လုံးဝမရှိသေးကြောင်း ကျန်းမာရေးဌာနက သိရသည်။
ဆက်လက်၍ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထပ်မံကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေးလမ်းဆုံတွင် ယနေ့နံနက်ပိုင်းက နှာခေါင်းစည်း (၂၀၀၀)ကျော် ပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


