ပင်လည်ဘူး၊ ၅ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာလ မြို့ပေါ်ရပ်ကွက်များတွင် ဆိုင်ထိုင်စား ရောင်းချခွင့် မရှိသည့်စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်တို့အား ယခုအခါ (A)အဆင့်သတ်မှတ်ပြီး ဆိုင်ထိုင်စားစနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုရာ အဆိုပါစားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကို ဒီဇင်ဘာ ၅ ရက် နံနက်က သက်ဆိုင်ရာတာဝန်ရှိသူများ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်မှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်နောင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးနေတိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များအညီ လိုက်နာဆောင်ရွက် ပြုလုပ်ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေး ဆောင်ရွက် ခဲ့ကြသည်။ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်တို့တွင် နှာခေါင်းစည်း(mask) တပ်ဆင်ရောင်းချရေး၊ လက်ဆေးရေစင်၊ အမှိုက်ပုံးများ စနစ်တကျပြုလုပ်ဆောင်ရွက်ထားရှိရေး၊ စားပွဲ၊ ထိုင်ခိုင်များအား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြုလုပ်ထားရှိရေး၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များပါ ဗီနိုင်းပိုစတာများကပ်ပြီး ဆောင်ရွက်ထားရှိရေး စသည့် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ လိုအပ်ချက်များအား ကြည့်ရှုစစ်ဆေးပြီး လမ်းညွှန်မှာကြားမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြသည်။ ပင်လည်ဘူး မြို့ပေါ်ရပ်ကွက်တွင် စားသောက်ဆိုင် (၂၂)ခု၊ လက်ဖက်ရည်ဆိုင်(၁၅)ခု ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


