စစ်ကိုင်း၊ ၅ ဒီဇင်ဘာ
စစ်ကိုင်းမြို့ ပါရမီရပ်ကွက် မြစ်ရေဖြန့်ဖြူးရေးကော်မတီအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများပေးအပ်ခြင်းကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက အဆိုပါ ကော်မတီရုံးအတွင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ရပ်ကွက်မှာ ရှိတဲ့ မြစ်ရေဖြန့်ဖြူးရေးကော်မတီအဖွဲ့ကနေပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ်(၁၂)သိန်းကို ပေးအပ်လှူဒါန်းပေးတာပါ။ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်ပြန်လည်တုံ့ပြန်ရေးကော်မတီကို အလှူငွေ ကျပ်(၃)သိန်း၊ မြို့မိ/မြို့ဖအဖွဲ့ကို အလှူငွေကျပ်(၃)သိန်း၊ ပရဟိတအဖွဲ့(၆)ဖွဲ့ကို တစ်သိန်းကျပ်စီနဲ့(၆)သိန်း၊ စုစုပေါင်း ငွေကျပ်(၁၂)သိန်းကို ပထမအကြိမ်လှူဒါန်းပေးခြင်း ဖြစ်ပါတယ်။ နောင်လည်း အလျဉ်းသင့်သလို ဆက်လက်လှူဒါန်းပေးသွားမှာပါ”ဟု ပါရမီရပ် မြစ်ရေဖြန့်ဖြူးရေးကော်မတီဥက္ကဋ္ဌ ဦးမြက ပြောသည်။
ပါရမီရပ်ကွက် မြစ်ရေဖြန့်ဖြူးရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ငွေကျပ်လှူဒါန်းပေးသလို ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၇၄၀)တို့ကိုလည်း မြစ်ရေအသုံးပြုမှု (၁၀)ယူနစ်ကို လစဉ်လျှော့ပေါ့ကောက်ခံပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)


